မြင်းမူ ဇူလိုင် ၂၁
စာဖတ်သူတိုးပွားရေးနှင့် စာဖတ်ရှုသူအချင်းချင်း တွေ့ဆုံကာ စာပေအသိခြင်းဖလှယ်ရန်အတွက် စုပေါင်းစာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြည်သူ့စာကြည်တိုက်တွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် သုတ/ရသစာပေအပြင် စာဖတ်သူများလက်တွေ့ အသုံးချဆောင်ရွက် နိုင်ရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် ဒို့ကျေးရွာ စိုက်ပျိုးရေးနည်းလမ်းကောင်းများ(၂) စာအုပ်တွင်ပါရှိသည့် “အိမ်ခြံဝင်းစိုက်ပျိုးရေးနှင့် မိသားစုကျန်းမာရေး” ခေါင်းစဉ်ပါ မိမိတို့အိမ်ခြံဝင်းအတွင်း စားပင်သီးပင်များစိုက်ပျိုးရာတွင် တစ်နှစ်ပတ်လုံး ခူးယူရောင်းချစားသုံးနိုင်သည့် အပင်မျိုးနှင့် ရာသီအလိုက်စားသုံးနိုင်သည့် ဟင်းသီး/ရွက်ပင်များ စိုက်ပျိုးခြင်း၊ ရာသီအလိုက် ခူးယူရရှိနိုင်သည့် နှစ်ရှည်ပင်များ (ချဉ်ပေါင်/ကန်စွန်း) စသည်တို့ကို စိုက်ပျိုး၍ အရွက်များရယူခြင်း၊ သီးနှံများ စိုက်ပျိုးရာတွင် အပင်၏ အဟာရလိုအပ်ချက်ကို နွားချေး၊ ကြက်ချေးစသည့်တို့ကို အသုံးပြုသည့်အတွက် ကုန်ကျစရိတ် သက်သာပြီး စားသုံးသူမိသားစုများအတွက် ကျန်းမာရေးဆိုင်ရာ အမြင်များနှင့်ပတ်သက်၍ အသိပညာ ဖလှယ်ဆွေးနွေးဖတ်ကြားခဲ့ကြသည်။
ယင်းနောက် ပြည်သူ့စာကြည့်တိုက်သို့ လစဉ်ရောက်ရှိလာသည့် သုတ/ရသစာအုပ်များကို ခင်းကျင်းပြသထားရာ စာပေဝါသနာရှင်များက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး လာမည့်စာဖတ်ဝိုင်းတွင် ဖတ်ကြားဆွေးနွေးရန် စာအုပ်အား စုပေါင်းရွေးချယ်ခဲ့ကြသည်။
မြင်းမူမြို့ ပြည်သူ့စာကြည့်တိုက်သည့် အသိပညာပေး လုပ်ငန်းများဖြစ်သော စာဖတ်ဝိုင်းများ၊ စာအုပ်ပြပွဲများ၊ (talk show) အစီအစဉ်များကို အပတ်စဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်။
အောင်စိုးဖေ (မြင်းမူ)