မြောင်းမြ ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူများ၏လက်ဝယ်သို့ သွင်းအားစု (ယူရီးယားဓာတ်မြေဩဇာ၊ ကွန်ပေါင်း (၁၅:၁၅:၁၅) နှင့် သဘာဝမြေဩဇာများ) ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မြစန္ဒာဆန်စက်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှု ကော်မတီဝင်များနှင့် တောင်သူလယ်သမားများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးဌာန၊ ဦးစီးမှူးဦးချစ်ကိုနိုင်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သွင်းအားစုဓာတ်မြေဩဇာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးတို့က တောင်သူများ၏လက်ဝယ်သို့ အသီးသီး ပေးအပ်ခဲ့ကြသည်။
မြောင်းမြမြို့နယ်၊ ကုန်းသာကျေးရွာအုပ်စုမှ တောင်သူ (၈၈) ဦးအတွက် မိုးစပါးစိုက်ဧက (၁၃၄) ဧကအတွက် တစ်ဧကလျှင် ကျပ်နှစ်သိန်းနှုန်းနှင့်ညီမျှသော ယူရီးယားဓာတ်မြေသြဇာ (၁) အိတ်၊ ကွန်ပေါင်း (၁၅:၁၅:၁၅) (၁) အိတ်နှင့် သဘာဝမြေသြဇာ (၂) အိတ် ဖြန့်ဖြူးပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
ဝေဝေ (မြောင်းမြ)