ကသာ အောက်တိုဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ၂၀၂၀ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန် ထမ်းဆောင်ကြမည့် အထူးရဲများအား အောက်တိုဘာလ(၁၃)ရက်နေ့၊ နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါပိုး ကင်းရှင်းမှု ရှိ၊ မရှိကို COVID-19 Rapid Diagnostic Test (RDT)ဖြင့် စစ်ဆေးခဲ့ရာ အထူးရဲအားလုံးမှာ ကိုဗစ်-၁၉ရောဂါပိုး မတွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ထိုသို့စစ်ဆေးရာတွင် ကသာခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာသွယ်သွယ်ထွန်း ဦးဆောင်သော ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ကသာခရိုင် မီတာ(၄၀၀) အားကစားကွင်း၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အောက်တိုဘာလ(၁)ရက်နေ့မှ (၂၈)ရက်နေ့အထိ ကသာမြို့နယ်ရဲတပ်ဖွဲ့မှ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် အထူးရဲသင်တန်းမှ အထူးရဲ(၁၁၂)ဦးနှင့် နည်းပြ(၂)ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုး ကင်းရှင်းမှု ရှိ၊ မရှိကို COVID-19 Rapid Diagnostic Test (RDT)ဖြင့် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ကသာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာတွင် မဲဆန္ဒရှင်စာရင်းပေါင်း(၁၂၀၀၁၇)ဦး ရှိပြီး မဲရုံပေါင်း (၁၁၀) ရုံနှင့် ရွေးကောက်ပွဲဝင်ပြိုင်ရန် လျှောက်ထားသည့် ပါတီပေါင်း(၆)ပါတီ ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ခရိုင်ပြန်/ဆက်