ပွင့်ဖြူ ဇူလိုင် ၂၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသည့် သက်ကြီးဘိုးဘွားများအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ (ဧပြီ၊ မေ၊ ဇွန်) ပထမ(၃)လပတ်အတွက် လူမှုရေးပင်စင်ငွေ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကျေးစာရေးဝန်ထမ်းများ ပူးပေါင်းအဖွဲ့က သက်ကြီးဘိုးဘွားများ၏ နေအိမ်များသို့ သွားရောက်ကာ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ (ဧပြီ၊ မေ၊ ဇွန်) ပထမ(၃)လပတ်အတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသည့် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားဦးရေ စုစုပေါင်း (၉၀၈) ဦးရှိကြောင်းသိရကာ နိုင်ငံတော်အစိုးရမှ သက်ကြီးဘိုးဘွားများ သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် တစ်လလျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် (၃)လတစ်ကြိမ် လူမှုရေးပင်စင်ငွေများကို ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ လူမှုရေးပင်စင်ငွေထောက်ပံ့ငွေများကို ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်းရှိ လူမှုရေးပင်စင် အကျိုးခံစားခွင့် ရှိသည့် သက်ကြီးဘိုးဘွားများအား ထောက်ပံ့နိုင်ရေးအတွက် စုစုပေါင်းငွေကျပ် (၂၇၂၄၀၀၀၀) ကို လွှဲပြောင်းပေးအပ်ခဲ့ရာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်/ကျေး စာရေးဝန်ထမ်းများက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအလိုက် သက်ကြီးဘိုးဘွားများ၏ နေအိမ်များသို့ သွားရောက်၍ အဘိုးအဘွားတစ်ဦးလျှင် လူမှုရေးပင်စင် ငွေကျပ် သုံးသောင်းနှုန်းစီ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )