ညောင်လေးပင် ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးမြို့နယ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၃နာရီခွဲအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာ့ဂုဏ်ရည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပထမဦးစွာ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးအရာရှိမှ အဂတိလိုက်စားမှု၏ အဓိပ္ပါယ်အားရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိမှ အဂတိလိုက်စားခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊ မြို့နယ်ဒုရဲတပ်ဖွဲ့မှူးမှ ပြစ်မှုပြစ်ဒဏ်များနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူးမှ အဂတိလိုက်စားမှုဖြစ်ပေါ်နိုင်သော အကြောင်းအရာများအားလည်းကောင်း အသိပညာပေးပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဘုန်းမောင်မှ အဂတိလိုက်စားမှုပပျောက်ရေးအတွက် ဖြည့်စွက်ပြောကြားခဲ့ကာ ကျေးဇူးတင်စကားဆက်လက်ပြောကြားခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဘုန်းမောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသား(၂၈၀)ဦး
ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)