မင်းလှ ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် ဟင်္သာရွှေမြေ တိုင်းဒေသကြီးတောင်သူလယ်သမားအဖွဲ့အစည်းတို့ပူးပေါင်း၍ သက်မွေးဝမ်းကျောင်းသင်တန်းဖွင့်လှစ်ပို့ချခြင်းကို ယမန်နေ့နံနက် ၁ဝ နာရီအချိန်က သရက်တပင်အုပ်စု၊ သရက်တပင်လူထုအခြေပြုလေ့လာမှုစခန်း၌ ပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးထွဋ်က အမှာစကားပြောကြားပြီး ဟင်္သာရွှေမြေတိုင်းဒေသကြီးတောင်သူလယ်သမားအဖွဲ့အစည်းဥက္ကဋ္ဌ ဒေါ်သူဇာခိုင်က အသက်မွေးပညာများဒေသတွင်းကျွမ်းကျင်သည့်ပညာဖြင့် မိသားစုဝင်ငွေရရှိစေရေးအတွက်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်ကျေးရွာဒေသခံတောင်သူများအား ပို့ချပေးသည့် သက်မွေးဝမ်းကျောင်းသင်တန်းပညာ(၅)မျိုးဖြစ်သည့် သဘာဝမြေဩဇာပြုလုပ်နည်း၊ EM ဆေးရည်ပြုလုပ်နည်း၊ ငါးအမိုင်နိုပြုလုပ်နည်း၊ ကောက်ရိုးမှိုနှင့် ဗေဒါမှိုစိုက်ပျိုးနည်းသင်တန်းတို့ကို တိုင်းဒေသကြီးတောင်သူလယ်သမားအဖွဲ့အစည်း ဥက္ကဋ္ဌဒေါ်သူဇာခိုင်နှင့်တာဝန်ရှိသူများက စာတွေ့လက်တွေ့သရုပ်ပြသပို့ချပေးခြင်း၊ ဒေသအခြေအနေများအား ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)