ဝေါ ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်နှင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖြင့်ပြည့်စုံစေရန်နှင့် ပရိသတ်ရှေ့၌ ပြောရဲဆိုရဲသောသတ္တိများရှိလာစေရန် လူငယ်အချင်းချင်းအသိပညာ၊ အတတ်ပညာများကို ဖလှယ်နိုင်စေရန်နှင့် လိမ္မာယဥ်ကျေးစွာပြောဆို ဆက်ဆံတတ်စေသည့် အတွေ့အကြုံသစ်များကိုရည်ရွယ်၍ လူငယ်နှင့်ဘဝအောင်မြင်မှုပန်းတိုင်ခေါင်းစဥ်ဖြင့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက ဝေါမြို့နယ်၊ ထိန်တပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာကျောင်းအုပ်ဆရာကြီး ဦးထက်လွင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစိုးမိုးအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကိုကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစိုးမိုးအောင်က Moderator အဖြစ် ဆောင်ရွက်ပေးပြီး အ.ထ.က(ထိန်တပင်) Grade(9)မှ မခိုင်ဇင်သော်က လူငယ်နှင့်ခေတ်မီနည်းပညာခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade(11)မှ မချစ်ပန်းအိမ်ကလူငယ်နှင့် အောင်မြင်မှုပန်းတိုင် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade (11) မှ မယွန်းလဲ့လဲ့ပိုင်က လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade (11) မှ မောင်တိုးတက်နိုင်က လူငယ်နှင့်ယဥ်ကျေးမှု ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade(11)မှ မောင်ဆန်းလင်းထွန်းက လူငယ်နှင့်အားကစား ခေါင်းစဥ်ဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များကိုဆွေးနွေးမေးမြန်းရာ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူကျောင်းသား၊ ကျောင်းသူများမှပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)