မက်မန်း ဇူလိုင် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ရှုသည့် အလေ့အထများရရှိစေရန်၊ စာပေဖြင့် လူနေမှုဘဝတိုးတက်စေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြားတတ် စေရန် ရည်ရွယ်၍ စာရေးဆရာမ ခင်စောတင့်ရေးသားသော “စွန့်စားမှုဆီသို့ ခြေတစ်လှမ်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)က ယနေ့ နည်းပညာတိုးတက်လာသော ခေတ်တွင် စာဖတ်သည့်အလေ့အထများ လျော့နည်းလာပါကြောင်း၊ စာပေ၏တန်ဖိုးကိုလည်း သိရှိမှုနည်းပါးလာပါကြောင်း၊ နိုင်ငံ တစ်နိုင်ငံတွင် ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှုများရှိသည့်အတွက် မိမိတို့၏ စာပေများကို မြတ်နိုး တန်ဖိုး ထားစေနိုင်ရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ဆောင်ရွက် ရခြင်း ဖြစ်ပါကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် စာပေချစ်မြတ်နိုးသူများအဖွဲ့ဝင် မဇင်ငိုက်ဒိမ်က “လမ်းလျှောက်ထွက်ကြမယ်” ဆောင်းပါး အားလည်းကောင်း၊ မမေလင်းအောင်က “ သိုက်မြုံမှခွာသောအခါ” ဆောင်းပါးအားလည်း ကောင်း၊ မမာရီနာက “ ရှုမဆုံးတော့သည် ဆောင်းပါးအားလည်းကောင်း၊ မသဲစုဖြူက “မွေးမေမေနှင့် ကျွေးမေမေ” ဆောင်းပါးအားလည်းကောင်း၊ မနာခါးဘိုက “ လူတန်းစားအလွှာ မခြားနားစေရာ” ဆောင်းပါးအားလည်းကောင်း၊ မနာစောလှက “ အချိန်အခါကို သိပါ” ဆောင်းပါးအားလည်းကောင်း အသီးသီးဝိုင်းဝန်းဆွေးနွေးခဲ့သည်။ စာဖတ်ဝိုင်းတွင် တက်ရောက်လာကြသော စာအုပ်စာစောင် ချစ်မြတ် နိုးသူ (၂၅)ဦး ကလည်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။
စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)