ဘိုကလေးမြို့နယ်ရှိ မြစိမ်းရောင် ဘုရားကြီးတွင် ပူဇော်မည့် မကိုဋ်၊ စလွယ်နှင့် နားကင်းတို့အား ပင့်ဆောင်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ဆောင်ရွက်

ဘိုကလေး ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၄)ရပ်ကွက်အတွင်း တည်ထားကိုးကွယ်တော်မူခဲ့သည့် နှစ်ပေါင်း(၁၁၃)နှစ်ကျော်ရှိ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် မြစိမ်းရောင်ကြေးသွန်းဘုရားကြီးအား မူလကပူဇော်ထားရှိခဲ့သော မကိုဋ်၊ စလွယ်နှင့် နားကင်းတို့အား မူလအတိုင်း ပြန်လည်ပူဇော်ထားရှိနိုင်ရေးအတွက် မြစိမ်းရောင်ဘုရားကြီး ဂေါပကအဖွဲ့မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြန်လည်ပူဇော်နိုင်ရေး အတွက် သာသနာ့အနွယ်ဝင် ရဟန်း၊ ရှင်၊ လူ အပေါင်းတို့မှ တတ်အားသရွေ့ ဝိုင်းဝန်းလှူဒါန်း ဆောင်ရွက်လျက်ရှိပြီး ပူဇော်ထားရှိမည့် မကိုဋ်၊ စလွယ်နှင့် နားကင်းတို့အား ဘိုကလေး မြို့နယ်သို့ ပင့်ဆောင်နိုင်ရေး ညှိနှိုင်းစည်းဝေးပွဲအား ဇူလိုင်(၂၀)ရက် နေ့လယ်(၂)နာရီတွင် မြစိမ်းရောင်ဘုရားကြီးတန်ဆောင်းတော်အတွင်း ကျင်းပဆောင်ရွက်သည်။

ညှိနှိုင်းစည်းဝေးပွဲသို့ မြစိမ်းရောင်ဘုရားကြီး ဂေါပကအဖွဲ့နှင့်အတူ သာသနာ့အနွယ်ဝင် ဒါယကာ/မများ တက်ရောက်ကြပြီး ညှိနှိုင်းစည်းဝေးဆုံးဖြတ်ကြမည့်များအရ ပူဇော်ထားရှိမည့် မကိုဋ်၊ စလွယ်နှင့် နားကင်းတို့အား ဇူလိုင်(၂၂)ရက်နေ့တွင် ရန်ကုန်မြို့မှ သွားရောက် ပင့်ဆောင်ကြရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ဘိုကလေးမြို့အဝင်မှ မြစိမ်းရောင်ဘုရား တန်ဆောင်းတော်ကြီးအတွင်းသို့ ပင့်ဆောင်ကာ ထားရှိမည်ဖြစ်ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)