ပွင့်ဖြူမြို့နယ်၌ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၃၃၈ ဒသ ၄၈ သန်း ထုတ်ချေးပေး

ပွင့်ဖြူ ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် စိုက်ပျိုးရေး၊  မွေးမြူရေး၊ သမဝါယမလုပ်ငန်းကဏ္ဍနှင့် အသေးစား၊ အလတ်စား၊ အကြီးစားစက်မှုကဏ္ဍ လုပ်ငန်းများ အတွက် ရန်ပုံငွေကျပ် ၃၃၈ ဒသမ ၄၈ သန်း ထုတ်ချေးပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပွင့်ဖြူမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က မြို့နယ်အတွင်း ဒေသခံပြည်သူလူထု လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အရည်အသွေးပြည့်ဝသော ဒေသထွက်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရန်အတွက် နိုင်ငံတော်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို မတည်ထုတ်ချေးဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊  စီမံကိန်းချေးငွေများကိုလည်း အကျိုးရှိရှိ သုံးစွဲလုပ်ကိုင်ကြရန်နှင့် စီမံကိန်းချေးငွေတွင် ပါဝင်သော သတ်မှတ်စည်းကမ်းချက်များကို အလေးထား လိုက်နာဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းဆွေးနွေးပြောကြားသည်။

ဆက်လက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လုပ်ကိုင်ကြမည့် ဒေသခံပြည်သူများက မိမိတို့ဆောင်ရွက်လုပ်ကိုင်မည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများနှင့် စပ်လျဉ်းပြီး ဆွေးနွေးတင်ပြပြီး စီမံကိန်းတွင် ပါဝင်သော သတ်မှတ်စည်းကမ်းချက်များနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများက ဒေသအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ‌ဆောင်ရွက်မည့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်မည့်သူ ၂၉ ဦးအတွက် စီမံကိန်းချေးငွေကျပ် ၄၅ ဒသမ ၃ သန်းကို လည်းကောင်း၊ ငါးမွေးမြူရေး လုပ်ငန်း လုပ်ကိုင်မည့်သူ ၁၈ ဦးအတွက် စီမံကိန်းချေးငွေကျပ် ၇၃ ဒသမ ၁၈ သန်းကိုလည်းကောင်း၊ သမဝါယမကဏ္ဍ လုပ်ကိုင်မည့်သူ (၁) ဦးအတွက် စီမံကိန်းချေးငွေကျပ် သန်း (၂၀၀) ကိုလည်းကောင်း၊ အသေးစား၊ အလတ်စား၊ အကြီးစား စက်မှုလုပ်ငန်း လုပ်ကိုင်မည့်သူ (၁)ဦး အတွက် စီမံကိန်းချေးငွေကျပ် သန်း(၂၀)ကိုလည်းကောင်း၊ စုစုပေါင်းလုပ်ငန်းရှင် (၄၉)ဦးအတွက် ချေးငွေစုစုပေါင်း ၃၃၈ ဒသမ ၄၈ သန်းကို စနစ်တကျ ထုတ်ချေး ဆောင်ရွက်ပေးခဲ့ကြသည်။

ယခု ထုတ်ချေးပေးခဲ့သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို ငွေကျပ် ၁၀၀ လျှင် ပြား (၇၀) အတိုးနှုန်းထားဖြင့် ထုတ်ချေးပေးခဲ့ခြင်းဖြစ်ကာ လုပ်ငန်း အမျိုးအစားပေါ်မူတည်၍ အတိုးနှုန်းထားနှင့် အရစ်ကျငွေများကို (၆)လတစ်ကြိမ် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်းနှင့် ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကြီးကြပ်မှု ကော်မတီမှ ကြပ်မတ်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )