သာယာဝတီ ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် လျှပ်စစ်ဓာတ်အားဖူလုံစွာရရှိရန် စပါးခွံလောင်စာသုံးလျှပ်စစ်ဓာတ်အားပေးစက် (Gasifier Power Plant)များ တပ်ဆင်သုံးစွဲဆောင်ရွက်နိုင်ရေးတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ဆရာစံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းဌာနမှ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာ ဦးရဲဝဏ္ဏကဆန်စက်လုပ်ငန်းရှင်များအနေဖြင့် ဆန်စက်များမှ ကြိတ်ခွဲထွက်ရှိလာသည့် စပါးခွံများအား အလေအလွင့်မရှိစေရေးနှင့် စပါးခွံလောင်စာသုံးလျှပ်စစ်ဓာတ်အားပေးစက် (Gasifire Power Plant)များ တည်ဆောက်သုံးစွဲခြင်းဖြင့် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားကို အထောက်အကူပြုခြင်းအပြင် အချိန်မရွေး ဆန်စက်များလည်ပတ်နိုင်သဖြင့် ကုန်ထုတ်မှုကဏ္ဍကို ပိုမိုဖွံ့ဖြိုး တိုးတက်လာပြီးစပါးခွံလောင်စာသုံးလျှပ်စစ်ဓာတ်အားပေးစက် (Gasifire Power Plant)မှ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားဖြင့် ဆန်စက်လည်ပတ်ခြင်းအပြင် တွဲဖက်၍ ထင်း/မီးသွေး အစားထိုးစပါးခွံလောင်စာတောင့်ထုတ်လုပ်ခြင်း၊ သဘာဝမြေဩဇာထုတ်လုပ်ခြင်းများ ဆောင်ရွက်နိုင်ပါက သစ်တောပြုန်းတီးမှုနှင့် သဘာဝဂေဟစနစ်ကောင်းမွန်စေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မှာဖြစ်ကြောင်းရှင်းလင်း ဆွေးနွေးပြီး စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး၊ ဦးဇေယျာဆွေမှ Gasifier Power Plant အသုံးပြုခြင်း၊ ကိုင်တွယ်ထိန်းသိမ်းခြင်းနှင့်ရေဆိုးသန့်စင်ခြင်းဆိုင်ရာအခြေအနေများအားရှင်းလင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာသူဆန်စက်လုပ်ငန်းရှင်များက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာဦးရဲဝဏ္ဏက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)