အရာတော်မြို့တွင် ၂၀၂၀-ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပုံးများအား လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ခြင်း ဆောင်ရွက်

အရာတော် အောက်တိုဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် အရာတော်မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲလက်မှတ်ထည့်မည့် မဲပုံးများအား လုံခြုံရေးကြိုး ဖြင့် ချိတ်ပိတ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဇာဇာခိုင်က ကြိုတင် ဆန္ဒမဲပေးခြင်းနှင့်ပတ်သက်၍ လိုက်နာရမည့် စည်းကမ်းချက်များနှင့် ကြိုတင်ဆန္ဒမဲပုံးများအား လုံခြုံစွာ ထိန်းသိမ်း စောင့်ရှောက်သွားမည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး မုံရွာခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးချစ်ကွန်းနှင့် မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးမြင့်သန်းတို့က ကြိုတင်ဆန္ဒမဲပုံးများအား လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ ရှေ့တွင် လုံခြုံရေး ကြိုးများဖြင့် ချိတ်ပိတ်ခြင်း အဆင့်ဆင့်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အရာတော်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံ(၁၂၃)ရုံ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၄၀၆၇၀) ဦးရှိပြီး မဲဆန္ဒနယ်ပြင်ပ နိုင်ငံခြား ကြိုတင်မဲပေး ပိုင်ခွင့်ရှိသူ (၃၁၇)ဦး၊ မဲဆန္ဒနယ်ပြင်ပ ပြည်တွင်း ကြိုတင်မဲပေးပိုင်ခွင့်ရှိသူ (၆) ဦး၊ မဲဆန္ဒနယ် ပြင်ပ တပ်မတော်သားများနှင့်အတူနေ မိသားစုဝင်များ ကြိုတင်မဲပေးပိုင်ခွင့်ရှိသူ (၉) ဦးရှိပြီး ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ စုစုပေါင်း (၃၃၂) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

နွယ်နီမြင့်