ယင်းမာပင် ဇူလိုင်၂၁
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ယင်းမာပင်မြို့တွင် ကလေးအလုပ်သမား လျော့နည်းပပျောက်စေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့၊ နံနက် ၉ နာရီအချိန်က အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဟောပြောပွဲတွင် ယင်းမာပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်အေးက ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးလုပ်သားဖြစ်ရခြင်းအကြောင်း အရင်းများ၊ ကလေးသူငယ်များ၏ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာစေသည့်အကြောင်းအရင်းများ၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးအလုပ်သမား၏ အသက်အရွယ်ကန့်သတ်ချက်များ၊ အန္တရာယ်ရှိသော အလုပ်နှင့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရ သည့် ကလေးအလုပ်သမားများအားဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် အသက်မွေးပညာကျောင်းများ တက်ရောက်နိုင်ရေးစသည့်အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)