သရက် ဇူလိုင် ၂၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ပြည်သူ့ဆေးရုံ ကျောက်ကပ်ဆေးစက် ဝယ်ယူတပ်ဆင်နိုင်ရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီတို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ လုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုးလှမြင့်က အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး ခရိုင်ဆရာဝန်ကြီး ဒေါက်တာညွန့်ရွှေအောင်က ကျောက်ကပ်ဆေးစက်နှင့် ပတ်သက်၍ ဆောင်ရွက်နိုင်ရေးနှင့် ကျောက်ကပ်ဆေးစက် တပ်ဆင်ပြီးစီးမှုနှင့် အခန်းပြင်ဆင် ဆောင်ရွက်နိုင်မှုနှင့် ပတ်သက်၍ ဆွေးနွေးပေးခဲ့သည်။
ထို့နောက် ကျောက်ကပ်ဆေးစက် ဝယ်ယူတပ်ဆင်နိုင်ရေး ဦးစီးကော်မတီဝင်များက ဆရာဝန်များအနေဖြင့် ကျောက်ကပ်ဆေးစက်နှင့် ပတ်သက်၍ သင်တန်းများ သွားရောက်တတ်သည့်အခါ သင်တန်းတွင် ကုန်ကျမည့် စရိတ်များအနေဖြင့် ဦးစီးကော်မတီက ထောက်ပံ့ပေးနိုင်ရေး တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇော်ထက်(သရက်)