ရွှေတောင်မြို့နယ်၌ အာဟာရဖွံ့ဖြိုးတိုးတက်စေရန် အသိပညာပေး ဟော‌ပြောခြင်းနှင့် နွားနို့တိုက်ကျွေးခြင်းများ ဆောင်ရွက်

ရွှေတောင် ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီးပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ ကျောင်းသူများအား အာဟာရဖွံ့ဖြိုးတိုးတက်‌စေရန်အတွက် အသိပညာပေး  ဟောပြောခြင်းနှင့် နွားနို့တိုက်ကျွေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ အ.မ.က (မြောက်ပိုင်း) ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာအေးချမ်းဝင်းက ကျောင်းသား/ ကျောင်းသူများအား လုပ်ငန်းရှင်များနှင့်  ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးတိုးတက်စေရန်အတွက် နွားနို့တိုက်ကျွေးရခြင်း၏ ရည်ရွယ်ချက်များ၊ နွားနို့ သောက်သုံးခြင်းဖြင့် အရိုးအဆစ်များကို သန်မာ‌စေခြင်း၊ ဦး‌နှောက်ဉာဏ်ရည်များ ဖွံ့ဖြိုးမှုနှင့် ကိုယ်ကာယ ဖွံ့ဖြိုးမှုများရရှိစေခြင်းစသည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအေးချမ်းဝင်းနှင့် ဝန်ထမ်းများက အဆိုပါ ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ(၁၀၁) ဦးအား အာဟာရဖွံ့ဖြိုးတိုးတက်စေရန်အတွက် နွားနို့တိုက်ကျွေးခဲ့ပြီး တစ်လလျှင်ရွှေတောင်မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း(၁၀) ကျောင်းကို နို့ပိဿာချိန် (၁၅၀) ချိန်တိုက်ကျွေးသွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ ဆက်)