ကြံခင်းမြို့နယ် အမှတ်(၃၂) အကြီးစားစက်ရုံတွင် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်

ကြံခင်း ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ဇီဝဆိုင်ရာ အချက် အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများ ယမန်နေ့ နံနက်ပိုင်းက အမှတ်(၃၂) အကြီးစားစက်ရုံ(ကြံခင်း)၊ စက်ရုံအစည်း အဝေးရုံးခန်းတွင် ဆောင်ရွက် ပေးခဲ့ကြောင်း  သိရသည်။   

ကြံခင်းမြို့နယ် (လဝက) ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများက အမှတ်(၃၂) အကြီးစား စက်ရုံ(ကြံခင်း)၊ စက်ရုံအရာထမ်း၊ အမှုထမ်းများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ယူဆောင်လာစေပြီး ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များ (Biographic Data)နှင့် ဇီဝအချက်အလက် များ (Biometric Data) များကို တစ်ဦးချင်းစီအလိုက် စနစ်တကျကောက်ယူ၍ Database တွင် သိမ်းဆည်းကာ ကွန်ပျူတာမှ မတူညီသည့် ဂဏန်း (၁၀)လုံးပါဝင်သည့် Unique ID နံပါတ်  ကတ်ပြားများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူပြီးသူများ၏  Biographic Data နှင့်  Biometric Data များကို Database တွင် သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံး ပါဝင်သည့် Unique ID နံပါတ်ပါ ကတ်ပြားများအား အဆိုပါ စက်ရုံတွင် ဇူလိုင်(၁၁)ရက်နေ့မှ  စတင်ကာ ဆောင်ရွက်ထုတ် ပေးနေခြင်းဖြစ်ပြီး အရာထမ်း၊ အမှုထမ်း(၆၃၃)ဦးအား ဆောင်ရွက် ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသော စက်ရုံဝန်ထမ်းမိသားစုများ၏ ဇီဝဆိုင်ရာအချက် အလက်များအား ဆက်လက်ကောက်ယူဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် (လဝက) ရုံးမှ တာဝန်ရှိသူထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)