ပုသိမ် ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦး တင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် အတူ ဇူလိုင်လ ၁၉ ရက်နေ့ ညနေပိုင်းက ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အတွင်းရှိ မျိုးမြတ်မွန်ဆန်စက်နှင့် စပါးခွံလောင်စာတောင့်စက်ရုံအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကျိုက်လတ်မြို့၊ မျိုးမြတ်မွန် ဆန်စက်နှင့် စပါးခွံ လောင်စာတောင့်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက စပါးခွံ လောင်စာသုံး Gasifier ဖြင့် စက်ရုံလည်ပတ်မှု အခြေအနေများ၊ စပါးခွံလောင်စာတောင့် ထုတ်လုပ်မှု၊ စျေးကွက်သို့ တင်ပို့ရောင်းချမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က Gasifier စနစ်မှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများသည် သဘာဝ ပတ်ဝန်းကျင်အား ထိခိုက်ညစ်ညမ်းမှုမရှိစေရန်နှင့် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း အညီ လည်ပတ်မောင်းနှင်ရန်၊ တိုင်းဒေသကြီးအတွင်းရှိ စပါးခွံလောင်စာသုံး Gasifier စက်ရုံများမှ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ပြုပြင် ဆောင်ရွက်ရန် အကြံပြုချက်များအပေါ် လိုက်နာဆောင်ရွက်မှုရှိ/မရှိ ကြပ်မတ်ဆောင်ရွက် ရန်၊ လုပ်ငန်းတိုးတက်မှုများအား ပြန်လည်တင်ပြရန်နှင့် လေထုညစ်ညမ်းမှုမရှိစေရေးနှင့် စွန့်ပစ်ပစ္စည်းများမှ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး စနစ်တကျ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပန်းတနော်မြို့နယ်၊ ဘုရားချောင်း ကျေးရွာ အုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့ သွားရောက်ခဲ့ပြီး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဌေးမြင့်နှင့် တာဝန်ရှိသူများက စပါးခွံလောင်စာသုံး gasifier ဖြင့် gas engine အသုံး ပြုပြီး လျှပ်စစ်ဓါတ်အား ၁၂ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် စက်ရုံတည်ဆောက်နေမှု၊ စပါးခွံ လောင်စာသုံး boiler ဖြင့် Turbine စနစ် အသုံးပြုပြီး လျှပ်စစ်ဓါတ်အား (၁၅) မဂ္ဂါဝပ် (၂)လုံး (၃၀)မဂ္ဂါဝပ် လျှပ်စစ်ထုတ်လုပ်နိုင်မည့် စက်ရုံတည်ဆောက်နေမှု၊ စုစုပေါင်းဓါတ်အား ၄၂ မဂ္ဂါဝပ်ထွက်ရှိလာပါက လုပ်ငန်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ဇီဝလောင် စာသုံး Boiler နှင့် Turbine စနစ်ဖြင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ဇီဝလောင်စာသုံး gasifier နှင့် gas engine စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ပေးစက်ရုံ များအတွက် စက်ပစ္စည်းများ ရောက်ရှိလာမှု၊ စပါးခွံများ စနစ်တကျသိုလှောင်နိုင်ရန် သိုလှောင်ရုံများ တည်ဆောက်နေမှုများ၊ အအေးခန်း စက်ရုံနှင့် သိုလှောင်ရုံ များ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ အအေးပေးသည့်စနစ်အတွက် စက်ပစ္စည်းများ တပ်ဆင်ပြီးစီးနေမှုများ၊ ငါးအသားလွှာ ပြုပြင်ထုတ်လုပ် ခြင်းနှင့် အေးခဲစက်ရုံ တွင် automated cold storage warehouse စနစ်တည်ဆောက်ရန် အပူချိန်ထိန်း နံရံပြား များနှင့် အအေးပေးစက်များ တပ်ဆင်နေမှု၊ ငါးများကို အသားလွှာ၍ အေးခဲခြင်းပြုလုပ်ရာတွင် အသုံးပြုမည့် စက်ပစ္စည်းအချို့ကို စမ်းသပ်ရန် လုပ်ဆောင်နေမှုများအား လိုက်လံရှင်းလင်း ပြသခဲ့သည်။
ထို့နောက် ကုမ္ပဏီအစည်းအဝေးခန်းမတွင် Global Earth Agro & Aqua Industry Public ကုမ္ပဏီလိမိတက်ဥက္ကဋ္ဌ ဦးဌေးမြင့်နှင့် တာဝန်ရှိသူများက Gasifier များ တပ်ဆင်နေမှုနှင့် Gasifier အဆောက်အဦ တည်ဆောက်နေမှုအားလည်းကောင်း၊ ငါးသားဖောက်ခြင်း၊ ငါးမွေးမြူခြင်း၊ ငါးအစာထုတ်လုပ်ခြင်း၊ အေးခဲခြင်း၊ ထုတ်ပိုးခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ Biomass လောင်စာသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ သုံးစွဲခြင်းများနှင့် ဆက်စပ်သော လုပ်ငန်းများ၊ စပါးခွံ လောင်စာသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံများမှ ထွက်ရှိမည့် စွန့်ပစ်ပစ္စည်းများမှ ဇီဝမြေသြဇာထုတ်လုပ်မည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “မိမိတို့ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို အဓိကထားဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးမွေးမြူ ရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုနှင့် စက်မှုလုပ်ငန်းများကို အားပေးမြှင့်တင် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်ရာတွင် မိရိုးဖလာမွေးမြူရေး နည်းလမ်းများထက် စနစ်ကျနပြီးကောင်းမွန်သည့် ခေတ်မီမွေးမြူ ရေးနည်းလမ်းများကို အောင်မြင်အောင် ဆောင်ရွက်ရန်လိုပါကြောင်း မှာကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)