ကျွန်းစု ဇူလိုင် ၂၁
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ကျွန်းစုမြို့နယ် ကတ္တလူကျေးရွာသို့ ရောက်ရှိခဲ့ကြပြီး အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် (အကြို) မိုးရာသီဒီရေတောသစ်ပင်နှင့် အုန်းပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်ခဲ့သည်။
ဒီရေတောသစ်ပင်နှင့်အုန်းပင်စိုက်ပျိုးပွဲတော်၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီးချုပ် တို့က တက်ရောက်လာကြသူများအား ဒီရေတောပျိုးပင်နှင့် အုန်းပျိုးပင်ကို ပေးအပ်ခဲ့ကြသည်။ ထို့နောက် ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံများက ဒီရေတောပျိုးပင်(၁၂၃၅)ပင်နှင့် အုန်းပျိုးပင်(၆၅)ပင်ကို စုပေါင်းစိုက်ပျိုးပေး ခဲ့ကြသည်။
ထိုမှတဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် ပြည့်ဖြိုးထွန်းကုမ္ပဏီ၏ ခေတ်မီ ရေငန်ပုစွန် မွေးမြူရေးစီမံကိန်း လုပ်ငန်းခွင်သို့ရောက်ရှိခဲ့ကြပြီး ပုစွန်ကန်များမှ မွေးမြူရရှိသော ရေငန်ပုစွန်များအား အအေးခန်းစက်ရုံတွင် ခေတ်မီစက်ပစ္စည်းများဖြင့် ပြည်ပသို့တင်ပို့ရောင်းချရန်အတွက် ကုန်ချောထုတ်လုပ်နေမှုအား ကြည့်ရှုအားပေးသည်။ ဆက်လက်၍ စီမံကိန်းရှင်းလင်းဆောင်တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း ရေငန်ပုစွန် မွေးမြူရေးကန်များဖြင့် ရေငန်ပုစွန် မွေးမြူထုတ်လုပ်မှု၊ ကုန်ချောထုတ်လုပ်မှုအခြေအနေများနှင့် ပုစွန်မွေးမြူရေး ကန်များ တိုးချဲ့ဖော်ဆောင်နေမှုများကို ငါးလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်ညီတိုးက ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဝန်ကြီးချုပ်က မွေးမြူရေးကဏ္ဍ ပိုမိုတိုးတက်အောင်မြင်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ပေးကြရန်၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရန်၊ ပုစွန်သားပေါက် ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ပုစွန်အစာစက်ရုံများ ဒေသတွင်း ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားပြီး ဝန်ကြီးချုပ် နှင့်အဖွဲ့သည် ပုစွန်မွေးမြူရေးကန်များတွင် ပုစွန်မွေးမြူဆောင်ရွက်နေမှုနှင့် ပုစွန်ကန်ဖော်ယူဆောင်ရွက်နေမှုတို့အား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် ခေတ်မီရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းအနေဖြင့် မြေဧက(၄၂၀၀)ကျော်တွင် ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းများကို အကောင်အအထည်ဖော်ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် ပုစွန်ကန်(၂၆၂) ကန်တူးဖော်ဆောင်ရွက်ခဲ့ပြီးဖြစ်ကာ ပုစွန်ကန်(၁၅၃)ကန်တွင် ရေငန်ပုစွန်များ မွေးမြူဆောင်ရွက်လျက်ရှိကြသည်။ ထို့အတူ မြေဧက (၃၅၀၀)ခန့်တွင်လည်း ရေငန်ပုစွန်မွေမြူရေးကန်များ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခင်နှစ်က ပုစွန်မွေးမြူရေးကန်များမှ ပုစွန်တန်ချိန်စုစုပေါင်း (၈၈၉၀)တန်ကို မွေးမြူထုတ်လုပ်ပြီး ပြည်တွင်း ကုမ္ပဏီအအေးခန်းများမှ ဒေသတွင်းရောင်းချခြင်းနှင့် ပြည်ပသို့ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )