ညောင်လေးပင်မြို့နယ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအတွက် အသိပညာပေးဟောပြောပွဲကျင်းပ

ညောင်လေးပင် ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးမြို့နယ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၁၈ ရက်နေ့မွန်းလွဲ(၃)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာ့ဂုဏ်ရည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပထမဦးစွာ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးအရာရှိမှ အဂတိလိုက်စားမှု၏ အဓိပ္ပါယ်အားရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိမှ အဂတိလိုက်စားခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်ဒုရဲတပ်ဖွဲ့မှူးမှ ပြစ်မှုပြစ်ဒဏ်များနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူးမှ အဂတိလိုက်စားမှုဖြစ်ပေါ်နိုင်သော အကြောင်းအရာများအားလည်းကောင်းအသိပညာပေးပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဘုန်းမောင်မှ အဂတိလိုက်စားမှုပပျောက်ရေးအတွက် ဖြည့်စွက်ပြောကြားခဲ့ကာ ကျေးဇူးတင်စကားဆက်လက်ပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဘုန်းမောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသား(၂၈၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်ဆက်