မအူပင် ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင်ခရိုင်အဆင့်ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ဆိုင်ရာကြီးကြပ်မှုဆပ်ကော်မတီအဖွဲ့ဝင်ဌာနများမှ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ကျင်းပသည်။
ရှေ့ဦးစွာ မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူးဒေါ်ခင်သန္တာထွေးက မိမိဌာန၏ဖွဲ့စည်းပုံနှင့် ရည်မှန်းချက်တာဝန်များအားရှင်းလင်းဟောပြောပြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိဦးဟန်လင်းထွဋ်က ဘေးအန္တရာယ်ကြိုတင်ပြင်ဆင် ခြင်း၊ တုံ့ပြန်ဆောင်ရွက်ခြင်း၊ ကယ်ဆယ်ရေးဆောင်ရွက်ခြင်း၊ ပြန်လည်ထူထောင်ခြင်းစသည့် အကြောင်းအရာများအားရှင်းလင်းဟောပြောသည်။ ဆက်လက်၍စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စိန်စိန်စိုးမှ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းဟောပြောပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးအောင်ကျော်ထွန်းက ရာသီဥတုပြောင်းလဲမှုလျော့ချရေးခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသည်။ ၎င်းနောက် တက်ရောက်လာသူများမှ ပြသထားသည့်နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲအခမ်းအနားသို့ ခရိုင်အဆင့်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှု ဆပ်ကော်မတီအဖွဲ့ဝင်ဌာနများဖြစ်သည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မအူပင်ခရိုင် (ပြန်/ဆက်)