အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစု၀င်ငွေတိုးရေး ဆောင်ရွက်မည့် စီမံကိန်း လုပ်ငန်းရှင်းလင်းပွဲအခမ်းအနား ကျင်းပ

ပုသိမ် ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစု ၀င်ငွေတိုးရေး ဆောင်ရွက်မည့်စီမံကိန်း လုပ်ငန်းရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး အစည်းအ၀ေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအဆင့်စီမံကိန်းလုပ်ငန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူး ဦးအောင်ဖြိုးက စီမံကိန်းလုပ်ငန်းကို အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဧရာ၀တီတိုင်းဒေသကြီးအနေဖြင့် ရပ်ကွက်၊ ကျေးရွာ(၁၀)ခုတွင် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက္မှာဖြစ်ပြီး တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ကျေးရွာ (၉)ရွာ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးချုပ်၏ ရန်ပုံငွေဖြင့် ကျေးရွာ(၁)ရွာ၊ စီမံကိန်း(၁)ခုလျှင် ရန်ပုံငွေကျပ် (၁၀)သန်းဖြင့် ကျေးရွာ(၁၀)ခုအတွက် ကျပ်(၁၀၀)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် စီမံကိန်းဆိုင်ရာများကို (power point) ဖြင့် ရှင်းလင်းတင်ပြရာတွင်  တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ လက်မှုထည် ထုတ်လုပ်မှုနည်းပညာသင်တန်း၊ စက်မှုစက်ပြင်နှင့် လျှပ်စစ်သွယ်တန်းခြင်းသင်တန်း၊ နည်းပညာသင်တန်း၊ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း၊ အခြေခံလျှပ်စစ်သွယ်တန်းခြင်းသင်တန်း၊ အခြေခံ/အဆင့်မြင့် စက်ချုပ်နည်းပညာသင်တန်း၊ လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း စသည့် အသက်မွေး၀မ်းကျောင်းဆိုင်ရာ သင်တန်းများကို ဦးစီးဌာနအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးအဆင့်ကော်မတီ၀င်များမှ စီမံကိန်းလုပ်ငန်းများအပေါ် ဝိုင်း၀န်းဆွေးနွေးကြပြီး သက်ဆိုင်ရာမှကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်ဟန်(ပြန်/ဆက်)