သရက်ချောင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ

သရက်ချောင်း   ဇူလိုင်  ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၂၃–၂၀၂၄)ခု ဘဏ္ဌာရေးနှစ်တွင် မြစိမ်းရောင်စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့်ကျေးရွာအား စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲအချိန်က သရက်ချောင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက ကျေးရွာကော်မတီဝင်များအား မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကောင်းမြတ်ထက်က အဆိုပါအခမ်း အနားသို့တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာကော်မတီဝင်များအား ကျေးဇူးတင်စကားပြောကြားခြင်း၊ စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြစိမ်းရောင်စီမံကိန်း ကျေးရွာ အား ရန်ပုံငွေကျပ်သိန်း(၃၀၀)အား ပေးအပ်ကာ ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့မှ လက်ခံရယူခဲ့ပြီး အခမ်းအနားရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသ ဆင်းရဲမှုနှုန်းကို လျော့ချ နိုင်ရန်၊ တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သော ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှ ကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ ကျေးလက်နေလူထု၏ စွမ်းဆောင်ရည် တိုးတက်လာစေရန်နှင့် မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များကျရောက်လာပါက တုန့်ပြန်မှုအားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ သရက်ချောင်းမြို့နယ်အတွင်း မြစိမ်းရောင်စီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစ၍ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အထိ စုစုပေါင်းကျေးရွာ(၁၉)ရွာကိုဆောင်ရွက်ပေးနိုင်ခဲ့ပြီး၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အိမ်ရှေ့ပြင်ကျေးရွာအုပ်စု၊ အိမ်ရှေ့ပြင်ကျေးရွာတွင် ဆောင်ရွက်လျက်ရှိကြောင်းမြို့နယ် ဦးစီးမှူးဦးကောင်းမြတ်ထက်ထံမှ သိရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)