လိပ်သို ဇူလိုင် ၂၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားလာစေရေးနှင့် ယနေ့ခေတ်တွင် လူ့အဖွဲ့အစည်းကို တည်ဆောက်ရာ၌ ယဉ်ကျေးမှုသည် အရေးပါသော ကဏ္ဍဖြစ်သည့်အတွက် “လူငယ်နှင့်ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ယဉ်ကျေးမှုဟူသည့် စကားလုံးကို အနက်အဓိပ္ပာယ်ဖွင့်ဆိုရာ၌ အလွန်နက်နဲလှကြောင်း၊ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုအဆင့်အတန်းကို ဆုံးဖြတ်ရာတွင် ရုပ်ပိုင်းဆိုင်ရာ အဆင့်အတန်းကိုသာမက စိတ်ပိုင်း ဆိုင်ရာ အဆင့်အတန်းကိုပါ ထည့်သွင်း ဆုံးဖြတ်သင့်ကြောင်းနှင့် Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ဉီးစွာဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ Youth Club အဖွဲ့ဝင် စောကျော်မိုးဟိန်းက ခေတ်အဆက်ဆက်အလိုက် မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှု ဆင့်ကဲပြောင်းလဲလာပုံများ၊ လူမျိုး တစ်မျိုး နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှု အဆင့်အတန်းတွင် စိတ်ပိုင်းဆိုင်ရာ အထူးသဖြင့် အကျင့်စာရိတ္တ၊ ကိုယ်ကျင့်တရားသည် အထူးအရေးကြီးလှကြောင်း၊ ယဉ်ကျေးမှုဆိုသည်မှာ မိမိ၏ဆောင်ရွက်မှု အပြောအဆို၊ အပြုအမူ၊ အနေအထိုင်၊ အဝတ်အစား အားလုံးသည် လူတစ်ဖက်သားကို အနှောင့်အယှက်မဖြစ်စေရန်၊ မထိခိုက်စေရန် လူတိုင်း လေးစားလိုက်နာရမည့် ကျင့်ဝတ်၊ တာဝန်၊ ဝတ္တရားပင်ဖြစ်ပါကြောင်း စသည့် အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးခဲ့သည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများ ဗဟုသုတရရှိစေရန် ပြည်သူ့အကျိုးပြု အသိပညာပေးရေးလုပ်ငန်းများကို Online မှ တစ်ဆင့် စဉ်ဆက်မပြတ် လစဉ်ပုံမှန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်