ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး လှိုင်းဘွဲ့မြို့မဈေးသစ်အား တက်ရောက်ဖွင့်လှစ်ပေး

လှိုင်းဘွဲ့ ဇူလိုင် ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၈၄၉.၄၅)သန်းဖြင့် လှိုင်းဘွဲ့မြို့မဈေးသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီ အချိန်က လှိုင်းဘွဲမြို့ (ဃ)ရပ်ကွက်၊ ကုန်သည်လမ်း၌ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဈေးသစ်ဖွင့်ပွဲ အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မိမိဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသနှင့်ကိုက်ညီမှုရှိသည့် စိုက်ပျိုးရေးလုပ်ငန်း၊ ခရီးသွားလာရေးလုပ်ငန်း၊အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၊ စက်မှုဇုံနှင့်စီးပွားရေးလုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် အစိုးရ၊ လုပ်ငန်းရှင်များနှင့်ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းများအား ကူညီထောက်ပံ့ပေးခြင်း၊ အခြေခံအဆောက်အအုံများ၊ အိမ်ယာအဆောက်အဦးများ၊ လူမှုဖွံ့ဖြိုးရေးရုံးများ ဆောက်လုပ်ပေးခြင်းနှင့် လူ့အဖွဲ့အစည်းအတွင်းရှိ အလုပ်သမားများ လုပ်ငန်းကျွမ်းကျင်မှုသင်တန်းပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်လာပါက ဒေသခံပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းပေါများလာခြင်း၊ လူတစ်ဦးချင်းဝင်ငွေမြင့်မားလာမည်ဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းနှင့်လူနေမှု အဆင့်အတန်းမြှင့်မားရေးအတွက် ဝိုင်းဝန်းမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုလှိုင်းဘွဲမြို့မဈေးကို အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ခဲ့ပြီး ပြည်သူများအနေဖြင့် ရေရှည်တည်တံ့ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာ လှပရေးနှင့်ဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်ထိမ်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားပြီး ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းတို့က လှိုင်းဘွဲ့မြို့မဈေးသစ်အား  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်မှ လှိုင်းဘွဲ့မြို့မဈေးသစ် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခြင်း၊ ကမ္မည်းမော်ကွန်းအား အမွေးနံ့သာပက်ဖျန်းခြင်း၊ စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ကရင်ပြည်နယ်ဝန်ကြီးချုပ်မှ ဘင်ခရာအဖွဲ့နှင့်ဒုံးယိမ်းအကအဖွဲ့များအား ဆုတော်ငွေများပေးအပ်ခဲ့ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အရာရှိများ၊ ဧည့်သည်တော်များက လှိုင်းဘွဲ့မြို့မဈေးသစ်အား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)