လိပ်သိုဒေသတွင် အိမ်ခြံဝင်းအတွင်း မျောက်ဥများ တစ်နိုင်တစ်ပိုင်စိုက်ပျိုး

လိပ်သို ဇူလိုင်  ၂၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင်နေထိုင်ကြသော ဒေသခံ ပြည်သူများသည် ဥယျာဉ်ခြံလုပ်ငန်းများဖြစ်သော နှစ်ရှည်ခံပင်များကို အဓိက လုပ်ကိုင်လျက်ရှိရာ မျောက်ဉများကို အိမ်ခြံဝင်းအတွင်းရှိ သစ်ပင်များတွင်လည်းကောင်း၊ တိုင်များ စိုက်ထူ၍လည်းကောင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာလျက် ရှိကြောင်း သိရသည်။

ယခင်ကာလများက ဒေသခံများမှာ ဉယျာဉ်ခြံများနှင့် တောတောင်များတွင် သဘာဝအလျောက် ပေါက်ရောက်ရှင်သန်လျက်ရှိသော မျောက်ဉများကို စားသုံးရန်နှင့် လက်ဆောင်ပေးရန် ရှာဖွေခဲ့ကြပြီး တောင်ယာခင်းများတွင်သာ စိုက်ပျိုးလာခဲ့ကြရာမှ ဒေသခံပြည်သူများ နှစ်သက်စားသုံးသူများ တိုးပွားလာသောကြောင့် မိသားစုစားသုံးရန်နှင့် အပိုဝင်ငွေရရှိရန် မိမိတို့၏ အိမ်ခြံဝင်းများတွင် စိုက်ပျိုးလာလျက်ရှိကြသည်။

ထိုသို့ တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာခြင်းကြောင့် ဝေးလံစွာ သွားရောက်ရှာဖွေ စားသုံခဲ့ရာမှ ယခုအခါ စိုက်ပျိုးထားသော မျောက်ဥအပင်အား လွယ်ကူစွာပြုစု ထိန်းသိမ်းနိုင်ခြင်း၊ ပြန်လည်ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိခြင်း၊ တိုးချဲ့စိုက်ပျိုးနိုင်ရန် မျိုးဉရရှိခြင်းအတွက် အကျိုးခံစားခွင့်များ ရရှိကြကြောင်း သိရသည်။

ခင်လေးနွယ်