ဘားအံ ဇူလိုင် ၂၀
ကရင်ပြည်နယ် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော အသက်(၆)လမှ(၃)နှစ်အရွယ် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းဆင်းပွဲကို ဇူလိုင်လ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က လူမှုဝန်ထမ်းဦးစီးဌာန၊ အမှတ်(၁)မူလတန်းကြိုကျောင်း၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချ ပေးခဲ့သော ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ နည်းစနစ်များ၏ သဘောတရားများကို လက်တွေ့ လုပ်ငန်းခွင်နယ်ပယ်တွင် လိုက်လျောညီထွေစွာ ဆောင်ရွက်တတ်စေရန်နှင့် မည်သည့်ပညာရပ်မဆိုလေ့လာ သင်ယူမှုသည် ပြီးဆုံးမှုမရှိသည့်အတွက် ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဆက်လက်လေ့လာသင်ယူ၍ ခေတ်မီဆန်းသစ်သည့်နည်းစနစ်များဖြင့် သင်ကြားပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအား သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ချီးမြှင့်ပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ သင်တန်းသူများမှ ကလေးသူငယ်ပြုစုပျိုးထောင်ရေးဆိုင်ရာ တေးသီချင်းများဖြင့် သရုပ်ပြသီဆိုဖျော်ဖြေကြသည်။
ယနေ့သင်တန်းဆင်းပွဲတွင် ပြည်နယ်အတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ လူမှုဝန်ထမ်းဦးစီးဌာန လက်ရောက်ရှိ မူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများမှ သင်တန်းသူ ၃၀ ဦး သင်တန်းဆင်းခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြား၍ ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ သင်ထောက်ကူ ပစ္စည်းများအား ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဘားအံမြို့၊ အောင်သံလွင် အားကစားကွင်းတွင် ကျင်းပလျက်ရှိသော ဘားအံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် လှာကာကျေးရွာဘောလုံးအသင်းနှင့် လှာကဒေါင်ကျေးရွာ ဘောလုံးအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် လှာကာ ကျေးရွာဘောလုံးအသင်းက ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)