ကလေးမြို့၌ DLMS Software အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်လှစ်

ကလေး ဇူလိုင် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများအား Digital Library စနစ်အသုံးပြုတတ်စေရန် ရည်ရွယ်၍ Digital Library Management System (DLMS) အသုံးပြုနည်း ဆင့်ပွားသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက ကလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပဖွင့်လှစ်ခဲ့သည်။

အဆိုပါ သင်တန်းတွင် ကလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က အဖွင့်အမှာစကား ပြောကြားပြီး ဦးစီးအရာရှိ ဦးထွန်းမင်းအောင်က သင်တန်းဖွင့်လှစ်ရခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ ရှင်းလင်း ပြောကြားသည်။

ထို့နောက် သင်တန်းနည်းပြ ဦးကျင်ဆောမ်တွောင် (ရုပ်သံကျွမ်းကျင်-၃) က DLMS Software နှင့် ပတ်သက်သည့် စာစုလုပ်ငန်း၊ ကက်တလောက်လုပ်ငန်း၊ စာငှားလုပ်ငန်း၊ အစီရင်ခံစာ၊ စနစ်အပြင်အဆင် စသည့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် Barcode ပြုလုပ်နည်းတို့ကို စာတွေ့၊ လက်တွေ့ ရှင်းလင်းဆွေးနွေးပို့ချခဲ့သည်။

အခုဖွင့်လှစ်လိုက်တဲ့ ဒီသင်တန်းဟာ စာကြည့်တိုက်လုပ်ငန်းမှာ အရေးပါတဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတစ်ရပ် ဖြစ်ပါတယ်။ စာအုပ်ငှားဖို့ရှာဖွေရာမှာလည်း လွယ်ကူလျင်မြန်စွာနဲ့ ရှာဖွေတွေ့ရှိ ငှားရမ်းဖတ်ရှုနိုင်ပါမယ်။ စာအုပ်စာရင်းရေးသွင်းမှုနဲ့ ထိန်းသိမ်းမှုမှာလည်း လုံခြုံစိတ်ချမှုပေးပါ တယ်။ ဖွံ့ဖြိုးတိုးတက်လာတဲ့ ခေတ်နဲ့အညီ ဒီစာကြည့်တိုက်နည်းပညာဟာလည်း နိုင်ငံတကာကို ရင်ဘောင်တန်းနိုင်မယ့် တိုးတက်မှုတစ်ခုပါပဲ ဟု သင်တန်းနည်းပြဆရာက ပြောသည်။

အဆိုပါသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ပြည်သူ့စာကြည့်တိုက်များအား သမားရိုးကျစနစ်မှ ဖွံ့ဖြိုးတိုးတက်လာသော ခေတ်စနစ်နှင့် အညီ လိုက်လျောညီထွေဖြစ်စေမည့် Digital Library စနစ်သို့ အဆင့်တိုးမြှင့်ပြောင်းလဲဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းကာလမှာ နှစ်ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)