မုံရွာ ဇူလိုင် ၂၀
မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူ လူငယ်လူရွယ်များ အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၁၀)နာရီက အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူငယ်စကားဝိုင်းတွင် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးက အဖွင့် အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မုံရွာ ခရိုင်ဦးစီးမှူး ဦးမြင့်နိုင်စိုးက လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ပြောကြားရာ ကျောင်းသား/ကျောင်းသူလူငယ် လူရွယ်များ အသိပညာဗဟုသုတများ တိုးပွားရရှိ နိုင်စေရန် အသိပညာများ မျှဝေပေးနိုင်စေရန်၊ ကျောင်းသား/ ကျောင်းသူ အချင်းချင်း စည်းလုံးညီညွတ်ပြီး ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိနိုင်စေရန်၊ ပူးပေါင်းဆောင်ရွက်တက်သည့် အလေ့အထကောင်းများရရှိနိုင်စေရန် စသည့် ရည်ရွယ်ချက် များဖြင့် ကျင်းပပြုလုပ်ဆောင်ရွက် ရခြင်းဖြစ်ကြောင်း ပြောကြားကာ မနှင်းဝတ်ရည်ထွန်း Grade-11 က “လူငယ်နှင့်စာပေ”၊ မောင်မင်းကောင်းခန့် Grade-10 က “လူငယ်နှင့် နည်းပညာ”၊ မသက်မွန်မြင့် Grade-11 က “လူငယ်နှင့် နည်းစာရိတ္တ”၊ မောင်ရှင်းသန့်ကျော် Grade-10 က “လူငယ်နှင့် မူးယစ်ဆေးဝါး”၊ ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးပေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြား ပေးခဲ့သည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက လူငယ် စကားဝိုင်းတွင် ဆွေးနွေးပေးခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးအပ် ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် ကျောင်းသား၊ ကျောင်းသူလေးများက မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲတို့အား စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ ဆက်)