ဝေါ ဇူလိုင် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသော လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ကာယ၊ဉာဏ၊စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖြင့် ပြည့်စုံစေရန်နှင့် ပရိသတ်ရှေ့၌ ပြောရဲဆိုရဲသော သတ္တိများ ရှိလာစေရန် လူငယ်အချင်းချင်း အသိပညာ၊ အတတ်ပညာများကို ဖလှယ်နိုင်စေရန်နှင့် လိမ္မာယဥ်ကျေးစွာ ပြောဆိုဆက်ဆံတတ်စေသည့် အတွေ့အကြုံသစ်များကို ရည်ရွယ်၍ လူငယ်နှင့်ဘဝအောင်မြင်မှုပန်းတိုင် ခေါင်းစဥ်ဖြင့် လူငယ်စကားဝိုင်းကို ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ဝေါမြို့နယ်၊ ဘုရားပျိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ခိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က လူငယ် စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက်လူငယ်စကားဝိုင်းကို ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာဝင်းက Moderator အဖြစ် ဆောင်ရွက်ပေးပြီး အ.ထ.က(ဘုရားပျို) Grade (11) မှ မခင်မြတ်နိုးအိမ်က ပျော်ရွှင်တဲ့ အလုပ်အောင်မြင်တဲ့ဘဝ ခေါင်းစဥ်ဖြင့် လည်းကောင်း၊ Grade(11)မှ မအေးချမ်းဖြိုးက ထိန်းသိမ်းစောင့်စည်းခြင်းနှင့် ဘဝအရည်အသွေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade(11)မှ မောင်သန်းထက်ပိုင်က အကောင်းမြင်စိတ်ဓာတ် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade(11)မှ မောင်အာကာမင်းမင်းက အောင်မြင်ချင်စိတ် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade(11)မှ မောင်ကျော်သူက မေတ္တာအားသာချက် ခေါင်းစဥ်ဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူများမှ ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း(ပြန်/ဆက်)