ဘိုကလေးမြို့နယ်ရှိ မြစိမ်းရောင်ဘုရားကြီး၏ မူလပူဇော်ထားရှိသော မကိုဋ်၊ စလွယ်နှင့် နားကင်းတို့အား ပြန်လည်ပူဇော်နိုင်ရေး လှူဒါန်းမှုများဆောင်ရွက်

ဘိုကလေး ဇူလိုင် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၄) ရပ်ကွက်အတွင်း တည်ထားကိုးကွယ်တော်မူခဲ့သည့် နှစ်ပေါင်း (၁၁၃)နှစ်ကျော်ရှိ ရှေးဟောင်း သမိုင်းဝင် ဆုတောင်းပြည့် မြစိမ်းရောင်ကြေးသွန်းဘုရားကြီးအား မူလကပူဇော်ထားရှိခဲ့သော မကိုဋ်၊ စလွယ်နှင့် နားကင်းတို့အား မူလအတိုင်း ပြန်လည်ပူဇော် ထားရှိနိုင်ရေးအတွက် မြစိမ်းရောင် ဘုရားကြီး ဂေါပကအဖွဲ့မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြန်လည်ပူဇော်နိုင်ရေးအတွက် သာသနာ့အနွယ်ဝင် ရဟန်း၊ရှင်၊ လူအပေါင်းတို့မှ တတ်အားသရွေ့ ဝိုင်းဝန်းလှူဒါန်းဆောင်ရွက် လျက်ရှိသည်။

မူလကပူဇော်ထားရှိခဲ့သော မကိုဋ်၊ စလွယ်နှင့်နားကင်းတို့အား မူလအတိုင်း ပြန်လည်ပူဇော် ထားရှိနိုင်ရေးအတွက် မြစိမ်းရောင်ဘုရားကြီး ဂေါပကအဖွဲ့ အနေဖြင့် ယခုနှစ် ဇူလိုင်(၁)ရက်နေ့တွင် မြို့နယ်တွင်းရှိ ဆရာတော်၊ သံဃာတော်ကြီးများထံမှ ဩဝါဒခံယူခဲ့ကြပြီး သာသနာ့ အနွယ်ဝင် ရဟန်း၊ ရှင်၊ လူ အပေါင်းတို့မှ တတ်အားသရွေ့ ဝိုင်းဝန်းလှူဒါန်း ဆောင်ရွက်မှု များကိုလည်း လက်ခံဆောင်ရွက်ထားရှိကာ အမြန်ဆုံးပြန်လည်ပူဇော်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် မြစိမ်းရောင်ကြေးသွန်းဘုရားကြီးသည် ဂျပန်ခေတ်အတွင်း ဘိုကလေးမြို့ပေါ်၌ အန္တရာယ်တစ်စုံတစ်ရာ ကျရောက် တော့မည်ဆိုပါက မျက်နှာတော် သည် အစိမ်းရောင်ပြောင်းလဲသွားသဖြင့် မြစိမ်းရောင်ဘုရားကြီးဟု မှည့်တွင်ခဲ့ကြောင်း ဘုရားသမိုင်းအရ သိရသည်။

မိုးစက်(ဘိုကလေး)