မြင်းမူ ဇူလိုင် ၂၀
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် ရာသီမရွေးခူးယူရောင်းချနိုင်သည့် ငွေပန်းပင်များ စိုက်ပျိုးပြီး ပန်းပွင့်များ ခူးယူရောင်းချခြင်းဖြင့် မိသားစုအတွက် ပုံမှန်ဝင်ငွေ များ ရရှိနိုင်ကြောင်း ငွေပန်းစိုက်ပျိုးရောင်းချသူထံမှ သိရသည်။
ငွေပန်းပင်မျိုးမှာ အတက်များသော အပင်မျိုးဖြစ်ပြီး အပင်ပေါက်ဖွားမှုများပြားကြောင်း၊ စိုက်ပျိုးပြီး (၇)လအကြာတွင် ပန်းဖူး၊ ပန်းပွင့်များ စတင်ခူးယူရရှိနိုင် ကြောင်း၊ စိုက်ပျိုးချိန်မှ အပင်အရွယ် ကုန်သည့်အချိန်အထိ ပိုးသတ်ဆေးကဲ့သို့သော ဆေးဝါးများ အသုံးပြုစရာမလိုကြောင်း၊ တစ်ရက်လျှင် ရေ(၂)ကြိမ်ကို အပင်၏အထက်မှ ဖျန်းပေးရကြောင်း၊ နှစ်ပတ်လည် အပွင့်/အဖူး ရရှိနိုင်သော်လည်း နတ်တော်လနှင့် ပြာသိုလများတွင် အပင်ကျချိန်ဖြစ်၍ လက်ရှိအပင်ကြီး များကို ခုတ်ပယ်ပစ်ရပြီး အတက်မှ တစ်ဆင့် အပင်သစ်များကို ပြန်ယူရကြောင်း၊ တစ်နှစ်လျှင် (၁၀)လ ဝင်ငွေရရှိ၍ စိုက်ပျိုးသင့်သော ပန်းပင်အမျိုးအစား ဖြစ်ကြောင်း၊ မြင်းမူမြို့နယ်၊ မြစ်ပေါက်ကျေးရွာမှ ငွေပန်းစိုက်ပျိုးရောင်းချနေသူ ဦးလွင်မင်းအောင်ထံမှ သိရသည်။
ပန်းပင် (၁၀၀၀) စိုက်ပျိုးကာ အပွင့်ခူးယူရောင်းချပါက တစ်ရက်လျှင် ဝင်ငွေကျပ် (၂၀၀၀၀) ကျော်ရရှိကြောင်း ပန်းပွင့်(၁၀၀)လျှင် ငွေကျပ်(၅၀၀)နှုန်း ဖောက်သည် ပေး ဝယ်ယူသူများပြားကြောင်းနှင့် ယခုလိုမိုးကျရာသီတွင် အဖူးအပွင့်များစွာရရှိ၍ ဝင်ငွေပိုမိုရရှိလျက်ရှိကြောင်း ပန်းစိုက်ပျိုးသူထံမှ သိရသည်။
အောင်စိုးဖေ(မြင်းမူ)