နတ်မောက် ဇူလိုင် ၂၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွက် ၂၀၂၃-ခုနှစ် မိုးရာသီချည်မျှင်ရှည်ဝါတိုးတက်ရေးဇုံ ၂၀၀ ဧကနှင့် တိုးချဲ့ဧရိယာများအတွက် မျိုးစေ့နှင့် ကွန်ပေါင်းဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နတ်မောက်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီ ချည်မျှင်ရှည်ဝါတိုးတက်ထုတ်လုပ်ရေး စီမံကိန်းအရ ချည်မျှင်ရှည်ဝါတိုးတက်ထုတ်လုပ်ရေးဇုံ ၂၀၀ ဧကနှင့် တိုးချဲ့စိုက်ပျိုးနိုင်ရေး ဧရိယာ ၈၅၀ ဧကဆောင်ရွက် သွားမည်ဖြစ်ပြီး တစ်ဧကအထွက်နှုန်းတိုးတက်ရေးအတွက် ရှည်မျှင်ရှည်ဝါ စိုက်ပျိုး သည့်တောင်သူများအား အထွက်နှုန်းကောင်း ရွှေတောင်-၁၀ မျိုးသန့်မျိုးဝါစေ့များနှင့် ကွန်ပေါင်းဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်၍ စိုက်စနစ်မှန်၊ စိုက်ပျိုးချိန်မှန် ဆောင်ရွက်နိုင်ရေး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ကျဝန်ထမ်းများမှ မြေပြင်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် မိုးဦးချည်မျှင်ရှည်ဝါကို ဧက (၂၁၈၂၃)ဧက လျာထားဆောင်ရွက်ထားပြီး ချည်မျှင်ရှည်ဝါစိုက်ပျိုးခြင်းဖြင့် တောင်သူတစ်ဦးချင်း ဝင်ငွေတိုးပွားပြီး ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးဦးစီးဌာန ဦးစီးအရာရှိက ပြောသည်။
မူမူစန်း