ဂန့်ဂေါ အောက်တိုဘာ ၁၃
NEP အစီအစဉ်ဖြင့် ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းကျေးရွာသို့ နိုင်ငံတော်လျှပ်စစ်ဓါတ်အားစနစ် ရောက်ရှိနေပြီဖြစ်ရာ ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေး နည်းပညာပေး လုပ်ငန်းများ ပိုမို ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ဖွင့်လှစ်ထားသည့် တောင်ခင် ရန်းကျေးရွာ နည်းပညာ ပြန့်ပွားရေးစင်တာသို့ ယမန်နေ့က လျှပ်စစ်မီးများ ချိတ်ဆွဲပြီးဖြစ် ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“နည်းပညာပြန့်ပွါးရေးစင်တာမှာ လျှပ်စစ်မီး ရရှိပြီဖြစ်လို့ ပရိုဂျက်တာများ အသုံးပြုပြီး စိုက်ပျိုးရေးနည်းပညာပေး သင်တန်းတွေ၊ ပညာပေးဆွေးနွေးပွဲတွေကို ဆောင်ရွက် သွားနိုင်မှာဖြစ်တဲ့ အပြင်၊ သတင်းနဲ့ဆက်သွယ်မှု (IT) နည်းပညာများ အသုံးပြုပညာပေး တာတွေ၊ Viber Messenger ၊ Facebook Messenger ၊ Facebook Page စတဲ့ Social Media များကနေ ပညာပေးတာတွေကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်၊ တောင်သူများအနေနဲ့ စင်တာ မှာရှိတဲ့ စိုက်ပျိုးရေးနည်းပညာပေးစာအုပ်၊ စာစောင်၊ သတင်းစာ၊ ဂျာနယ် များကို လာရောက် ဖတ်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။ နောင်အခါမှာ Free Wi-Fi တပ်ဆင်ပေးဖို့ အစီအစဉ်ရှိပြီး စိုက်ပျိုးရေး နည်းပညာဆိုင်ရာ စာအုပ်တွေ၊ application Software တွေကို အင်တာနက် အခမဲ့နဲ့ Online ကနေ ရယူနိုင်မှာ ဖြစ်ပါတယ်”ဟု ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထင်အောင်ကြွယ်က ပြောပြသည်။
တောင်ခင်ရန်းနည်းပညာ ပြန့်ပွားရေးစင်တာသည် ဂန့်ဂေါမြို့မှ မိုင် (၄၀)ခန့် ကွာဝေးသည့် တောင်ခင်ရန်းကျေးရွာတွင် တည်ရှိပြီး စိုက်ပျိုးမြေနှင့် လယ်မြေအများစုတည်ရှိရာ ဟံသာဝတီ၊ မြောက်ခင်ရန်း၊ ရွှေဘို၊ တောင်ခင်ရန်း၊ နှမ်းခါး စသည့်ကျေးရွာအုပ်စု များအပါအဝင် ဂန့်ဂေါမြို့ နယ် မြောက်ပိုင်းဒေသရှိ ကျေးရွာအုပ်စုပေါင်း(၁၆)အုပ်စုအတွက် လယ်ယာ စိုက်ပျိုးရေးဆိုင်ရာ အကျိုးပြု စေမည့် စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာပြန့်ပွားရေး စင်တာတစ်ခု ဖြစ်ကြောင်း သိရသည်။
တောင်သားမောင်သန်း