ပလောက်မြို့၊ အထကကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်

ပလောက် ဇူလိုင် ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ဌာနဆိုင်ရာများပူးပေါင်း၍ အ-ထ-က-ပလောက်ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသူ/သား များနှင့် ဆရာ/ဆရာမများအားလုံး ခြင်မှတစ်ဆင့်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါဘေးဆိုးမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ခြင်လောက်လန်း များ မပေါက်ဖွားစေရေး ခြင်ဆေးဖျန်းပေးခြင်းနှင့် အဘိတ်ဆေးခတ်ပေးခြင်း လုပ်ငန်းများကို ဇူလိုင် ၁၉ ရက်နေ့ ညနေ ၄ နာရီ အချိန်က ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ မြို့တာဝန်ခံနှင့်ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာန၊ ပညာရေးဌာန၊ ကျန်းမာရေးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျောင်းအကျိုးဆောင်အဖွဲ့များ ပူးပေါင်းကာ အထက-ပလောက်ကျောင်း အတွင်းရှိ စာသင်ဆောင်များအားလုံး၊ ကျောင်းပတ်ဝန်းကျင် အတွင်း/အပြင် နေရာများ၊ ရေမြောင်းများ၊ ပန်းခြုံများနှင့် ကျောင်းသုံးအိမ်သာများတွင် ခြင်မခို အောင်းနိုင်ရန်အတွက် ခြင်ဆေးဖျန်းပေးခဲ့ကြသည်။

အလားတူ အဆိုပါကျောင်းအတွင်းရှိ ကျောင်းသုံးရေကန်များ၊ ရေတိုင်ကီများကိုလည်း ခြင်လောက်လန်း မပေါက်ပွားနိုင်အောင် အဘိတ်ဆေးခတ်ပေးခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

နှင်းမြူလွင်