စုကလိမြို့ တာနောထကျေးရွာတွင် အစေ့ထုတ်ပြောင်းများ စိုက်ပျိုးဧက (၃၀၀) ဖြစ်ထွန်း အောင်မြင်လျက်ရှိ

စုကလိ ဇူလိုင် ၂၀

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ တာနောထကျေးရွာတွင် စျေးကွက်ဝင် အစေ့ထုတ် ပြောင်းများ စိုက်ပျိုးဖြစ်ထွန်းလျှက် ရှိသည်။ တာနောထကျေးရွာတွင် အစေ့ထုတ်ပြောင်းများကို ယခုနှစ်တွင် ဧက ၃၀၀ ကျော် စိုက်ပျိုးထားရာ ထိုင်းနိုင်ငံနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ကြရာ ယခုနှစ်တွင် သီးနှံအထွက်နှုန်း ကောင်းရေးနှင့် စျေးကောင်းရရှိရေးတို့ကို အလေးထားလျက် ရှိသည်။

အစေ့ထုတ်ပြောင်းများအား ထွန်ယက်စိုက်ပျိုးရာတွင် ခေတ်မှီစက်ကြီးများဖြင့်လည်းကောင်း၊ လူအင်အားဖြင့် အစေ့ချအတန်းလိုက်စနစ်ဖြင့် စိုက်ပျိုးထားပြီး ယခုနှစ်တွင် အများဆုံး ၃၄၅၈၊ ၆၄၊ ၅၃၊ ၃၀၄၈မျိုး စေ့များကို စိုက်ပျိုးကြပြီး  စိုက်ပျိုးပြီး ပြောင်းဖူးချိန်မှ ပြောင်းချိုးကြာချိန် ကာလ ၁၀ လခန့် ကြာမြင့်ပြီး ထိုင်းနိုင်ငံမှ စျေးကောင်းပေး ဝယ်ယူလျက်ရှိသည်။

တာနောထကျေးရွာတွင် အစေ့ထုတ်ပြောင်းများ ပုံမှန်စိုက်ပျိုးချိန်ထက် စော၍စိုက်ပျိုးခြင်း ကြောင့် ယခုအချိန်တွင် အဖူးများဖြင့် ဖြစ်ထွန်းအောင်မြင်လျက် ရှိကြောင်း တာနောထကျေးရွာနေ ပြောင်းစိုက်တောင်သူ တစ်ဦးဖြစ်သူ ဦးမင်းကိုနိုင်ထံမှ ပြောကြားချက်အရ သိရှိရသည်။

ပိုပိုအောင်