ပန်ဆောင် ဇူလိုင် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်အတွင်းရှိ တောင်ပေါ်ဒေသဖြစ်သော ပန်ဆောင်မြို့သည် မိုးများသောဒေသဖြစ်၍ မိုးတွင်းကာလတွင် တောင်ကျရေများ ကျဆင်းလာပြီး ရေတိုက်စားမှုများကြောင့် ပန်ဆောင်-လောက်လှိုင်-နမ္မလစ်-နန်းယွန်း လီဒိုလမ်းအပိုင်း၌ မြေပြိုမှုများ၊ သစ်ပင်ကြီးများ ပြိုလဲကြမှုများ မကြာခဏဖြစ်ပေါ်လျက်ရှိသည်။
ထိုသို့ဖြစ်ပေါ်မှုကြောင့် ပန်ဆောင်မြို့ရှိ လမ်းဦးစီးဌာနသည် သဘာဝဘေးဒဏ်ကြောင့် ဖြစ်ပေါ်လာရသော လမ်းပိတ်ဆို့မှုများကဲ့သို့ အရေးပေါ်လုပ်ငန်းများ ဆောင်ရွက်နေသည့်အပြင် ရေရှည်တည်တံ့ ခိုင်မြဲစွာ အသုံးပြုနိုင်ရန် ရည်ရွယ်၍ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် ပန်ဆောင်မြို့ လမ်းဦးစီးဌာနက တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများသည် လမ်းပြုပြင်ထိန်းသိမ်းရေးနှင့် ယာဥ်မတော် တဆမှုများ မဖြစ်ပေါ်ရအောင် လမ်းဘေးဝဲယာ ချုံနွယ်ပေါင်းပင်များကို ရှင်းလင်းခြင်း၊ ချိုင့်ခွက်များကို ယာယီဖာထေးခြင်း၊ ပဲ့ကျ နေသော လမ်းပခုံးများကို ယာယီမြေထိန်းနံရံများ ပြုလုပ်ထိန်းသိမ်းခြင်း၊ ရေစီးရေလာကောင်းမွန်ရန် ရေနုတ်မြောင်းများ တူးဖော်ခြင်း၊ လမ်းနယ်သိရှိရန်နှင့် အတားအဆီးသဘောမျိုး အတွက် (Guard Post) မှတ်တိုင်များ စိုက်ထူခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဂျာယော်(ပန်ဆောင်)