ဖျာပုံ ဇူလိုင် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ တရားမဝင်ကျားဖောင်များ လုပ်ကိုင်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဇူလိုင်လ(၁၈)ရက်နေ့ နေ့လယ်ပိုင်းအချိန်က မြို့နယ်အတွင်းရှိ အင်္ဂလန်ကျားဖောင်လုပ်ငန်း လုပ်ကိုင်သည့် ဘုန်းကြီးသောင်ကျေးရွာ၊ ချောင်းဝကျေးရွာများသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြသည်။
ထိုသို့ တရားမဝင် ကျားဖောင်များ လုပ်ကိုင်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးရာတွင် ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးကိုကိုလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ထားမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးငွေမင်းထိုက်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ နယ်မြေလုံခြုံရေး အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အင်္ဂလန်ကျားဖောင်လုပ်ငန်း လုပ်ကိုင်လျက်ရှိသော ဘုန်းကြီးသောင် ကျေးရွာ၊ ချောင်းဝကျေးရွာများသို့ ကွင်းဆင်း၍ ကျားဖောင်ရေယာဥ်တစ်စီးလျှင် ခွင့်ပြု ကိရိယာအရေအတွက်ထက် ပိုမိုလုပ်ကိုင်ထားသည့် ကျားဖောင်များ မရှိစေရေး၊ ကိရိယာလွဲမှားပြီး ကျားဖောင်များ လုပ်ကိုင်မှုမရှိစေရေးနှင့် တရားမဝင်ကျားဖောင်များ လုပ်ကိုင်မှု မရှိစေရေးတို့အတွက် ကျားဖောင်လုပ်ကိုင်လျက်ရှိသော ကျေးရွာမြစ်ချောင်းများအတွင်း လိုက်လံစစ်ဆေးကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင် (ဖျာပုံခရိုင်ပြန်/ဆက်)