ကျွန်းလှ ဇူလိုင် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ဧက ၅၀၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ဆီထွက်သီးနှံစိုက်ပျိုးဖို့ မြေပဲ ၇၂၇၀ ဧက၊ နေကြာ ၆၀ ဧက လျာထားပါတယ်။ ယနေ့အထိ မြေပဲ ၅၅၆၅ ဧကနဲ့ နေကြာ ၂၃ ဧက စုစုပေါင်း ၅၅၈၈ ဧက (၇၆ ဒသမ ၈၆) ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ပါတယ်။ တိုးချဲ့စိုက်ပျိုးဖို့၊ တစ်ဧက အထွက်နှုန်း ကောင်းမွန်ရေး တောင်သူတွေနဲ့ ဆွေးနွေးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောပြသည်။
ကျွန်းလှမြို့နယ်အတွင်းရှိ လယ်ယာမြေများသည် မိုးကောင်းသောက်ဖြစ်သော်လည်း ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် စပါး၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံ၊ ကြံ၊ ဝါ၊ အခြားသီးနှံ၊ နှစ်ရှည်ပင် စုစုပေါင်း ၇၆၈၀၄ ဧက စိုက်ပျိုးရန်လျားထားပြီး လက်ရှိအချိန်အထိ ၃၉၈၁၂ ဧက ( ၅၁ ဒသမ ၈၄) ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ