သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် (၇၆ )နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်

သံတောင်ကြီး ဇူလိုင် ၂၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး  Talk Show ကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နော်နီလာအေးက (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်နော်လော်မူက ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏  လွတ်လပ်ရေးရရှိရန် ကြိုးပမ်းဆောင်ရွက်မှုများ၊  ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာတိုင်းရင်းသား စည်းလုံးညီညွှတ်ရေးအတွက်  ရှမ်း၊ ကရင်၊ ကချင်၊ ချင်း စသည့်တိုင်းရင်း သားလူမျိုးစုများအား ပင်လုံကွန်းဖရင့်ကြီး ကျင်းပ၍ စည်းရုံးသိမ်းသွင်းခဲ့ပြီးနောက် တစ်နှစ်အတွင်းလွတ်လပ်ရေးရစေရမယ်’’  ဆိုသောကတိပြုချက်ဖြင့်  တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲကြီး၌  သူ၏ဖဆပလအဖွဲ့ဝင် အမတ်အားလုံး ကို အနိုင်ရရှိစေခဲ့မှု အကြောင်းအရာများနှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများကို ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် ပေးလျက်ရှိရာ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကို နော်ဘူဘော Page တွင် ထုတ်လွှင့်ပြသပေးမည် ဖြစ်ကြောင်း သိရသည်။

နော်လော်မူ