မင်းကင်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်

မင်းကင်း ဇူလိုင် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ မင်းကင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ဇူလိုင် ၁၈ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊     ဦးစီးအရာရှိ ဒေါ်ကျင်ငိုက်မန်နှင့် ဒုတိယဦးစီးမှူး ဒေါ်ဂျူလိုင်နေဝင်းတို့က ကလေးအလုပ်သမား ဖြစ်ရခြင်း အကြောင်းအရင်းများ၊  ကလေးများအား ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှု၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများအား လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာ ကာကွယ်တားဆီးရန်၊ ဥပဒေအရ တရားဝင်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ပေးရန်၊ အန္တရာယ်ရှိသောအလုပ်နှင့် လုပ်ငန်းခွင်များ လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများအား ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာကျောင်းများ တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးရန် စသည့် ကလေးအလုပ်သမား ပပျောက်ရေးရည်မှန်းချက်ထား ဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရပ်ကပ်စာစောင်များကို တက်ရောက် လာကြသော ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြပြီး စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေး "အသိပညာပေးရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းကော်မတီ" မှထုတ်ဝေသည့် ‌"ဇေယျာရွှေမြေ" လက်ကမ်း စာစောင်များအား (အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)