မကွေး ဇူလိုင် ၁၉
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရ နည်းပညာအထက်တန်းကျောင်း(မကွေး)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)ကျောင်းခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အစိုးရနည်းပညာအထက်တန်းကျောင်း (မကွေး)၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်သင်တန်းကို တက်ရောက်ခွင့်ရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား နွေးထွေးလှိုက်လဲစွာ ကြိုဆိုသော မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအရ ခရိုင်(၅၁)ခုတွင် အစိုးရနည်းပညာအထက်တန်းကျောင်းများ အခြေခံပညာအထက်တန်းကျောင်းများနှင့် တွဲဖက်၍ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ပညာရပ်များကို ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ရာတွင် မကွေးတိုင်းဒေသကြီးအတွင်းမှာ အစိုးရနည်းပညာအထက်တန်းကျောင်း (၂)ကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်းများတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်များကို တွဲဖက်သင်ကြားနေသည့် စကု၊ မြေပြင်သာ၊ သရက်၊ ပြလို့ စုစုပေါင်း(၄)ကျောင်း ဖွင့်လှစ်သင်ကြားနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုလို အစိုးရနည်းပညာအထက်တန်းကျောင်းများနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ ဖွင့်လှစ်ပေးခြင်းအားဖြင့် သိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှု မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၇)မှ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ မဟာဗျူဟာတွင်ပါရှိသည့် နည်းပညာ၊ သက်မွေးပညာရပ်များ ပုံမှန်သင်တန်းများကို သင်ယူနိုင်မည့် အခွင့်အလမ်းများ တိုးချဲ့ပေးနိုင်ရေးကို အကောင်အထည် ဖော်ဆောင်ရွက်နေခြင်းဖြစ်သလို သက်ဆိုင်ရာ နယ်မြေဒေသအလိုက် နိုင်ငံတော်၏ တည်ဆောက်ရေးနှင့် စက်မှုကုန်ထုတ်လုပ်ငန်းများတွင် မဖြစ်မနေလိုအပ်လျက်ရှိသော အရည်အချင်းပြည့်ဝသည့် နည်းပညာဆိုင်ရာ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန်၊ ဒေသလိုအပ်ချက်နှင့်အညီ နည်းပညာနှင့် သက်မွေးပညာရပ်များကို သင်ယူနိုင်မှု အခွင့်အလမ်းများ ရရှိနိုင်စေရန်နှင့် ဒေသတွင်း စက်မှုလက်မှုလုပ်ငန်းများအပေါ် အထောက်အကူပြုနိုင်စေရန်အတွက် ရည်ရွယ်ချက်များ ထားရှိပြီး ဆောင်ရွက် နေခြင်းဖြစ်ပါကြောင်း၊ ယခုတက်ခွင့်ရရှိတဲ့ (၂၀၂၃-၂၀၂၄)ပညာသင်နှစ်မှစပြီး GTHS (၃)နှစ် ပြီးဆုံးအောင်မြင်ပြီးသောအချိန်တွင် အဆင့်မြင့်အောင်ဖြင့် အောင်မြင်ခဲ့မည်ဆိုလျှင် နည်းပညာတက္ကသိုလ်များရှိ B.E သင်တန်းနှင့် အစိုးရနည်းပညာကောလိပ်များရှိ B.Tech သင်တန်းတို့ကို တက်ရောက်ခွင့် ရရှိကြမှာဖြစ်သကဲ့သို့ အထူးအောင်ဖြင့် အောင်မြင်ခဲ့ပါက အစိုးရစက်မှုလက်မှုသိပ္ပံများရှိ AGTI ဒီပလိုမာသင်တန်းကိုလည်း ဆက်လက်ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်မှာဖြစ်ပါကြောင်းနှင့် ယနေ့ အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)တွင် ပထမနှစ်သင်တန်းကို တက်ရောက်ခွင် ရကြသော ကျောင်းသား၊ ကျောင်းသူ (၁၁၇)ဦးအား ကျောင်းတော်ကြီးမှ ကြိုဆိုသကဲ့သို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ဝမ်းပန်းတသာ ဂုဏ်ယူစွာဖြင့် နွေးထွေးစွာကြိုဆိုပါကြောင်း စသည်ဖြင့် အဖွင့်သြဝါဒစကား ပြောကြားသည်။
ဆက်လက်၍ အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး) ကျောင်းအုပ်ကြီး ဦးခင်မောင် ညွန့်က မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပပြုလုပ်ခြင်း ရည်ရွယ်ချက်နှင့် ကြိုဆိုအမှာစကား ပြောကြားပြီး၊ အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး) ကျောင်းသား၊ ကျောင်းသူများက ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဧည့်ခံဖျော်ဖြေကာ၊ တေးသရုပ်ဖော် သီဆို၊ ကပြဖျော်ဖြေခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။
အဆိုပါ အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)အနေဖြင့် ပုံမှန်(၃)နှစ်သင်တန်းများ ဖြစ်သည့် အဆောက်အဦ၊ လျှပ်စစ်၊ အီလက်ထရောနစ်၊ မော်တော်ယာဉ်၊ စက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်ခြင်းနှင့် သုတနည်းပညာဘာသာရပ်များ ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိသည့်အပြင် ဒေသနှင့်ကိုက်ညီသော ကာလတိုသက်မွေးပညာသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး၊ လက်ရှိအချိန်ထိ ပုံမှန်သင်တန်းဆင်း (၉၄၇)ဦးနှင့် ကာလတိုသင်တန်းပြီးမြောက်သူ (၆၆၂)ဦးအထိ မွေးထုတ်သင်ကြားပေးနိုင်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ