ကျွန်းစု ဇူလိုင် ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင်အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီခွဲအချိန်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီနွဲ့ က ကလေးအလုပ်သမား၏ အဓိပ္ပါယ်၊ တစ်နိုင်ငံလုံးအနေနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက ငလျင်ဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ငလျင်လှုပ်နေစဉ် လိုက်နာရမည့်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များ၊ ငလျင်လှုပ်ပြီးနောက်လိုက်နာရမည့်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များအား ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနက တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြကာ သွေးလွန်တုပ်ကွေးကာကွယ်ရေး ဗွီနိုင်းပိုစတာများပြသခဲ့ကြကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)