မင်းဘူး ဇူလိုင် ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခိုင်အောင် ကိုယ်ပိုင်အထက်တန်းအဆင့်သင်ကျောင်းတို့ ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါကိုယ်ပိုင်အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ကျင်းပရာတွင် ယနေ့ခေတ် ကျောင်းသားလူငယ်များ ဝိုင်းဖွဲ့ဦးဆောင်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများရရှိစေပြီး အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန်၊ လူအများရှေ့မောက်တွင် ပြောရဲ၊ ဆိုရဲသည့် စိတ်သတ္တိရှိစေပြီး နှုတ်မှုစွမ်းရည်များ တိုးတက်စေကာ မိမိတို့ပြောကြားလိုသည့် အကြောင်းအရာများကို အချင်းချင်းအပြန်အလှန် ချပြဆွေးနွေးတတ်သည့် အလေ့ကျင့်ကောင်းများရရှိစေရန်နှင့် လူငယ်များ ဗလငါးတန်ပြည့်စုံစေရန် ရည်ရွယ်ကျင်းပပြုလုပ်ရ ခြင်းဖြစ်ကြောင်း မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးကျော်မင်းဦးက ရှင်းလင်းပြောကြားပြီး ဦးဆောင်ဝိုင်းဖွဲ့ ဆွေးခဲ့ကြသည်။
အဆိုပါ လူငယ်စကားဝိုင်းတွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးနှင့် ခိုင်အောင် ကိုယ်ပိုင်အထက်တန်းအဆင့်သင်ကျောင်းမှ ကျောင်းသား/ ကျောင်းသူ (၅)ဦးတို့က လူငယ်နှင့် ယဉ်ကျေးမှုတန်ဖိုး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူး၊ လူငယ်နှင့်ပညာရေး စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာကြသူများ၏ သိရှိလိုသော မေးမြန်းချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင်က ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အကြောင်းသိကောင်းစရာနှင့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ် စာစောင်နှင့် သုတ၊ ရသစာအုပ်များ ခင်းကျင်းပြသပေးနေမှုကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)