ပေါက်ခေါင်း ဇူလိုင် ၁၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးကျင်းပသော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ပေါက်ခေါင်းမြို့နယ်၊ ငါးခူအိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးကျော်နိုင် တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ပြည်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပေါက်ခေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က သင်တန်းတွင် အသုံးပြုမည့်လုပ်ငန်းသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ သင်တန်းသူတစ်ဦးက လက်ခံရယူသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပေါက်ခေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့သည်။ ယနေ့ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် အဝတ်လျှော်ဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ လက်ဆေးဆပ်ပြာရည်၊ ဘက်စုံသုံးဆပ်ပြာရည်၊ ခေါင်းလျှော်ရည်အမျိုးမျိုး၊ ဆပ်ပြာခဲအမျိုးမျိုးနှင့် ဆပ်ပြာခရင်(မ်)ထုတ်လုပ်နည်းများကို သင်တန်းနည်းပြဆရာ၊ ဆရာမများက သင်တန်းသား၊ သင်တန်းသူ (၁၅)ဦးတို့အား စာတွေ့လက်တွေ့ ၁၀ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)