ပွင့်ဖြူမြို့နယ်တွင် စပျစ်သီးနှံ စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်း၍ ဒေသခံတောင်သူများ တိုးချဲ့ စိုက်ပျိုးလုပ်ကိုင်လာ

ပွင့်ဖြူ  ဇူလိုင် ၁၉

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် တစ်ပိုင်တစ်နိုင် စပျစ်သီးနှံစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသူများ အောင်မြင်ဖြစ်ထွန်းမှု ရှိ၍ ယခုနှစ်တွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေ တိုးပွားစေရေးအတွက် စပျစ်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းအား တိုးချဲ့စိုက်ပျိုးလုပ်ကိုင်လာကြကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။

" ကျွန်တော်တို့ ဒေသမှာ စပျစ်သီးနှံစိုက်ပျိုးရေးလုပ်ငန်းကို တစ်ဖက်တစ်လမ်းက မိသားစု အပိုဝင်ငွေ ရရှိဖို့အတွက် ဒေသခံတောင်သူတွေက တစ်ပိုင်တစ်နိုင် စမ်းသပ်စိုက်ပျိုးလုပ်ကိုင်ကြတယ်။ စိုက်ပျိုးရေ အဆင်ပြေတဲ့အတွက် စပျစ်စိုက်ပျိုးရေးလုပ်ငန်းက အောင်မြင်ဖြစ်ထွန်းမှု ရှိလာတာကြောင့် ယခုနှစ်မှာ ဆိုရင် တောင်သူအချို့က တစ်ပိုင်တစ်နိုင် စပျစ်သီးနှံကို တိုးချဲ့စိုက်ပျိုးလုပ်ကိုင်လာကြတယ်။ သစ်သီးဝလံတွေထဲမှာ စပျစ်သီးနှံကလဲ ပြည်သူတွေ အကြိုက်တွေ့ ဝယ်ယူစားသုံးကြလို့ ဈေးကွက်ရှိတဲ့ သီးနှံတစ်ခုလဲဖြစ်တယ်။  ယခင်နှစ်ကတော့ စပျစ်သီးတစ်ပိဿာကို ငွေကျပ် ၅၀၀၀ မှ ၇၀၀၀ ကျပ်အထိ ရောင်းချခဲ့ရပြီး ယခုနှစ်မှာ စပျစ်သီးတစ်ပိဿာကို ငွေကျပ် ၁၂၀၀၀ ၊ ၁၃၀၀၀ ကျပ်အထိ ရောင်းချ နေရလို့ ဒေသတွင်းရှိ တစ်ပိုင်တစ်နိုင် စပျစ်စိုက်ပျိုးတောင်သူတွေ သီးနှံဝင်ငွေကောင်းပြီး လုပ်ငန်းအဆင်ပြေကြတယ်။  စပျစ်သီးနှံ စိုက်ပျိုးရာမှာလဲ စားသုံးသူပြည်သူများ အစားအစာ ဘေးကင်း လုံခြုံစေဖို့အတွက် အော်ဂဲနစ်စိုက်ပျိုးရေးနည်းနဲ့ စိုက်ပျိုးတာ ဖြစ်ပါတယ်။ ကျွန်တော့ခြံက စိုက်ပျိုး ထွက်ရှိတဲ့ စပျစ်သီးက အလုံးထွားပြီး ချိုလည်းချိုတော့ စာသုံးသူ အကြိုက်တွေ့လို့ ရောင်းအားလည်း ကောင်းပါတယ်" ဟု ပွင့်ဖြူမြို့နယ် သမင်ခြံကျေးရွာမှ တစ်ပိုင်တစ်နိုင် စပျစ်စိုက်ပျိုး လုပ်ကိုင်သည့် ဒေသခံတောင်သူတစ်ဦးက ပြောသည်။

ပွင့်ဖြူမြို့နယ်တွင် မြေအောက်ရေဖြင့် တစ်ပိုင်တစ်နိုင် စပျစ်သီးနှံစိုက်ပျိုးရေးလုပ်ငန်းကို မုန်းဇလဲ ကျေးရွာ ၊ သမင်ခြံကျေးရွာနှင့် လက်ပနွယ်ကျေးရွာတို့တွင် ဒေသခံတောင်သူများက မိသားစု စားဝတ်နေရေးအတွက် သီးနှံအပိုဝင်ငွေရရှိအောင် စမ်းသပ်စိုက်ပျိုးလုပ်ကိုင်ကြပြီး အောင်မြင်ဖြစ်ထွန်းမှု ရှိကြောင်း သိရကာ ထွက်ရှိသည့် စပျစ်သီးနှံများကို ပွင့်ဖြူမြို့၊ စလင်းမြို့၊ မင်းဘူးမြို့နှင့် မကွေးမြို့များသို့ အဓိက တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )