ကြို့ပင်ကောက်မြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ဝမ်းနည်းခြင်းအထိမ်းအမှတ်ဥဩစွဲခြင်း အစီအစဉ်ပြုလုပ်

ကြို့ပင်ကောက် ဇူလိုင် ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် (၇၆)နှစ်မြောက်အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်ဥဩစွဲခြင်းအစီအစဉ်ကို မြို့နယ်မီးသတ်ဦးစီးဌာနမှဦးစီး၍ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မြို့နယ်အတွင်း နေရာငါးနေရာတွင် တစ်ပြိုင်တည်းပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အာဇာနည်နေ့ဝမ်းနည်းခြင်းအထိမ်းအမှတ် ဥဩစွဲခြင်းကို ကြို့ပင်ကောက်မြို့ ရန်ကုန်ပြည်ကားလမ်း မီးပွိုင့်လမ်းစုံ၊ ပန်းတင်လမ်းမီးပွိုင့်၊ ရန်ကုန်ပြည်ကားလမ်း ကုန်းမြင့်ကျေးရွာ၊ နွယ်ခွေတန်းလမ်းထိပ်နှင့် အရှေ့ဘုရားလမ်းစုံတို့တွင် အချိန်တစ်မိနစ် တပြိုင်တည်းဥဩစွဲပြီး ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ဝမ်းနည်းအထိမ်းအမှတ်ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

ယင်းသို့ဝမ်းနည်းခြင်းအထိမ်းအမှတ် ဥဩစွဲခြင်း ဆောင်ရွက်ခြင်းအပြင် မြို့နယ်အတွင်းရှိ အစိုးရဌာနဆိုင်ရာရုံးများတွင်လည်း နိုင်ငံတော်အလံတိုင်တစ်ဝက်လွှင့်ထူခြင်းတို့ကိုလည်း ပြုလုပ်ဆောင်ရွက်ထားကြောင်းသိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)