နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကယားပြည်နယ် သမဝါယမအသင်းများအတွက် မတည်ထောက်ပံ့ငွေ ပဉ္စမအကြိမ် လွိုင်ကော်မြို့၌ ပေးအပ်

လွိုင်ကော် ဇူလိုင် ၁၉  

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကယားပြည်နယ် သမဝါယမအသင်းသားများအတွက် မတည်ထောက်ပံ့ငွေ ပဉ္စမအကြိမ် ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က  လွိုင်ကော်မြို့၊ ပြည်နယ်သမဝါယမဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး နှင့် တာဝန်ရှိသူများ ၊ ပြည်နယ်သမဝါယမအသင်းစုချုပ်ဉက္ကဋ္ဌ နှင့်  သမဝါယမအသင်းသားများ  တက်ရောက်ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မူမူဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဆိုသည့် အမျိုးသားရေး လုပ်ငန်းစဉ် (၂) ရပ်ကိုချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ပြန်လည် မြှင့်တင်နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေသူများကို အရင်းအနှီးရရှိစေရန်ရည်ရွယ်၍ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် ချေးငွေမတည်ထောက်ပံ့ငွေ ပဉ္စမအကြိမ် ထပ်မံပေးအပ်ခြင်းဖြစ်ကြောင်း ၊ ချေးငွေရယူမည့် အသင်းသားများအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ၏ မတည်ထောက်ပံ့ ငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ ပြည်နယ်အတွင်းနေထိုင်သူ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက်  ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ပြည်သူလူထုများ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ရ မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကယားပြည်နယ် သမဝါယမအသင်းစုချုပ်ဉက္ကဋ္ဌ ဦးလှဖေ  နှင့် လွိုင်ကော်မြို့နယ် သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဦးထူးမြတ်အောင်တို့က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် အထွေထွေလုပ်ငန်း ဆောင်ရွက်ရန်အတွက် သမဝါယမအသင်းများအား တာဝန်ရှိသူများက မတည်ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

အခမ်းအနားတွင် ကယားပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပြည်နယ်အတွင်းရှိ စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် အထွေထွေလုပ်ငန်းများဆောင်ရွက်မည့် ကညားမို သမဝါယမအသင်းသားများအတွက် ချေးငွေကျပ်သိန်း(၂၀၀)၊ သီရိမေ သမဝါယမအသင်းသားများအတွက် ချေးငွေကျပ်သိန်း (၂၀၀) ၊ ခေတ်သစ်အောင်သုခ သမဝါယမအသင်းသားများအတွက် ချေးငွေ ကျပ်သိန်း (၂၀၀) စုစုပေါင်းကျပ်သိန်း (၆၀၀) ကို သမဝါယမအသင်းသားများထံ လက်ဝယ်အရောက် မတည်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)