ဓနုဖြူ ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့ ဇူလိုင်လ ၁၈ရက်နေ့ နံနက် ၁၀နာရီအချိန်က အမှတ်(၁၈)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ပြည်သူများအား သစ်တောဦးစီးဌာနမှ တောအုပ်ဦးသန့်ဇင်နှင့် တောခေါင်း ဦးမောင်မိုးတို့က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ရေမြေတောတောင်များကို ထိန်းသိမ်းကြရန်၊ ဂေဟာစနစ်မပျက်စီးရန် ထိန်းသိမ်းစေရေး၊ သစ်ပင်၊သစ်တောများခုတ်ယူမှု လျော့ကျစေရေး၊ သဘာဝပတ်ဝန်းကျင် ပျက်စီးပါက သဘာဝဘေးအန္တရာယ်များ ကျရောက်နိုင်ကြောင်း၊ ပြည်သူလူထုများမှ သဘာဝပတ်ဝန်းကျင်ကို ပူးပေါင်းပါဝင်ထိန်းသိမ်းကြရန် အသိပညာပေး ပြောကြားခဲ့သည်။
ဆက်လက်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ထင်း၊ မီးသွေးအစား အခြားလောင်စာတောင့်များ ပိုမိုအသုံးပြုနိုင်ရေး၊ ထင်းမီးသွေးများအား လိုအပ်သည်ထက် ပိုမိုမသုံးစွဲကြရန်၊ ထင်း၊မီးသွေးများသုံးစွဲပါက သဘာဝပတ်ဝန်းကျင်ကို ပိုမိုထိခိုက်နိုင်ကြောင်း၊ လောင်စာတောင့်သုံးစွဲခြင်းဖြင့် ကုန်ကျစရိတ်သက်သာကြောင်းနှင့် ပြည်သူလူထုသို့ လောင်စာတောင့်သုံးစွဲကြရန် ဟောပြောခဲ့ကြောင်းသိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)