မြိတ်တက္ကသိုလ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မြိတ် ဇူလိုင် ၁၈

မြိတ်တက္ကသိုလ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲတို့တွင် ဆုရရှိကြသူများအား ဆုချီးမြှင့်ပွဲကို ယနေ့ နံနက်(၁၀)နာရီက တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ရာ ရှေးဦးစွာ တက်ရောက်လာကြသူများမှ အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းဆွတ်တသခြင်း အထိမ်းအမှတ် (၁)မိနစ်ခန့် ရပ်လျက် ငြိမ်သက်ခဲ့ကြပြီး ဦးညွှတ်အလေးပြုခြင်းခဲ့ကြသည်။

ထိုနောက် မြန်မာစာဌာနမှ ပထမနှစ် ဂုဏ်ထူးတန်းကျောင်းသား မောင်မင်းမောင်မောင်နှင့် ဒုတိယနှစ် ကျောင်းသူ မအိသုန်ဖြိုးတို့မှ အာဇာနည်ခေါင်းဆောင်ကြီးများအား ဂုဏ်ပြုသည့် အ‌နေဖြင့် “အာရှသူရဲကောင်း" သီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့ကြပြီး အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲတွင် မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍  မြန်မာစာဌာနမှ ပါမောက္ခဌာနမှုး ဒေါက်တာ ခင်မော်မော်ဦး က “အာဇာနည်နေ့ အတွေး” ခေါင်းစဉ်ဖြင့် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောသည်။ ယင်းနောက် မြိတ်တက္ကသိုလ် ပါမောက္ခချုပ်က မြန်မာစာဌာနမှ ပါမောက္ခဌာနမှုးအား ဂုဏ်ပြုလက်မှတ်၊ ဂုဏ်ပြုဆုငွေ နှင့်အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသားကျောင်းသူများ အား ဂုဏ်ပြုဆုများ ချီးမြှင့်ပြီး ဒုပါမောက္ခချုပ် ဒေါက်တာစိုးမိုးလွင် က  ကဗျာပြိုင်ပွဲနှင့် ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများ  ချီးမြှင့်ခဲ့ ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)