ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး၊ ဘားအံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဘားအံ ဇူလိုင် ၁၈

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီခန့်က ဘားအံမွေးမြူရေးဇုန်ရှင်းလင်းဆောင်၌ ဒေသတွင်းမွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးတောင်သူများနှင့် တွေ့ဆုံ၍ မွေးမြူရေးထုတ်ကုန်ဆိုင်ရာများ ဆွေးနွေးခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး ဆောင်ရွက်ရာတွင် ဒေသတွင်းစားသုံးမှုကို ဖူလုံအောင်ဆောင်ရွက်၍ ပိုလျှံသည်များကို ပြည်ပသို့တင်ပို့ရောင်းချပြီး သွင်းကုန်အစားထိုးထုတ်ကုန်များ ထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်ရန်လိုကြောင်း၊ စားရေရိက္ခာဖူလုံရန် ဆန်၊ ဆီ၊ ပဲ၊ အသား၊ ငါး တို့မှာအဓိကလိုအပ်ပြီး ဒေသတွင်း၌ အချို့မှာဖူလုံ၍ အချို့မှာဖူလုံမှုမရှိသေးကြောင်း၊ မွေးမြူရေးထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်ရန်လိုပြီး ပြည်နယ်အတွင်း မွေးမြူရေးဇုန်(၇)ခုရှိသော်လည်း မလုံလောက်သေးသည့်အတွက် ဝက်၊ ဆိတ် သီးသန့် မွေးမြူရေးဇုန် ဧက(၁၀၀)ကို ထပ်မံဖော်ထုတ်ပေးသွားမည်ဖြစ်ရာ ထပ်မံတိုးချဲ့ မွေးမြူလိုသူများအား လိုအပ်ပါက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း၊ ဘားအံမွေးမြူရေးဇုန်၌ တစ်ယူနစ် ကောင်ရေတိုးချဲ့ မွေးမြူစေလိုပြီး အသားထုတ်လုပ်မှုတိုးမြှင့် ထုတ်လုပ်နိုင်ရေးအတွက် အထွက်နှုန်းတိုးအောင် ဆောင်ရွက်ပြီး စွမ်းအားပြည့် မွေးမြူထုတ်လုပ်ကြဖို့လိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအောင်မြင့်ဟန်၊ ဘားအံခရိုင် အုပ်ချုပ်ရေးမှူးဦးအောင်လွင်နှင့် မွေးမြူရေးတောင်သူများက ဇုန်အတွင်း မွေးမြူထားရှိမှုအခြေအနေ၊  ဥနှင့်အသား တိုးတက်ထုတ်လုပ်မှု၊ ဇုန်အတွင်းလမ်းများ ဆောင်ရွက်ပြီးစီးမှု၊ တရိစ္ဆာန်အစာပင် နေဗီယာမြက်မျိုးများ စိုက်ပျိုးထားရှိမှုတို့ကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြား၍ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် တောင်သူဦးအောင်ကျော်သူ၏ ဆိတ်၊ သိုး ၁၆၀ ကောင် မွေးမြူရေးခြံ၊ တောင်သူဦးကျော်မြင့်၏ နွား ၄၂ ကောင်မွေးမြူရေးခြံ၊  တောင်သူနန်းခင်မိုးလွင်၏ ဆိတ် ၅၆ ကောင် မွေးမြူရေးခြံတို့၌ တရိစ္ဆာန်များမွေးမြူထားရှိမှုနှင့် တရိစ္ဆာန်အစာပင် နေဗီယာမြက်မျိုးများ စိုက်ပျိုးထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ဘားအံမွေးမြူရေးဇုန်တွင် ဥစားကြက်(၁၁)ခြံ ကောင်ရေ ၁၅၆၃၆ ကောင်၊ ဒေသကြက်(၁၄)ခြံ ကောင်ရေ ၅၅၁၀ ကောင်၊ ဆိတ်(၆၅)ခြံ ကောင်ရေ ၂၁၈၉ ကောင်၊ နွား(၁၈)ခြံ ကောင်ရေ ၃၀၇ ကောင်၊ သိုး(၁)ခြံ ကောင်ရေ ၁၈ ကောင်တို့ကို လည်ပတ်မွေးမြူလျက်ရှိကာ စွမ်းအားပြည့် မွေးမြူနိုင်ရေးအတွက် တစ်ယူနစ်ကောင်ရေ ထပ်မံတိုးချဲ့မွေးမြူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေသတွင်းဓာတ်မြေဩဇာသုံးစွဲခြင်းကို လျော့ချ၍ သဘာဝ မြေဩဇာများကို တွင်ကျယ်စွာ အစားထိုးပြောင်းလဲသုံးစွဲလာစေရေး ဘားအံမွေးမြူရေးဇုန်အတွင်း တည်ဆောက်ထားသော ဩဇာမင်းသဘာဝမြေဩဇာစက်ရုံသို့ သွားရောက်ပြီး တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ၊ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများအား ကုန်ကြမ်းအဖြစ် အသုံးပြု၍ သဘာဝမြေဩဇာထုတ်လုပ်ပုံ အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။

အလားတူ ဘားအံတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (ဒုတိယပညာသင်ကာလ) ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်က ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ ကျင်းပသည်။

ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ဘားအံတက္ကသိုလ်သမိုင်းအသင်းနှင့် (ဘူမိဗေဒ၊ သင်္ချာ၊ ဥပဒေပညာ)ညွှန့်ပေါင်း(၃) အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဘားအံတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ကထိက၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်အားပေးကြည့်ရှုခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် သမိုင်းအသင်းက ညွှန့်ပေါင်း(၃) အသင်းအား တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ ဘူမိဗေဒဌာနပါမောက္ခ(ဌာနမှူး)က ဒိုင်အဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး ဘားအံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အသင်းများအား တစ်ဦးချင်းလည်ဆွဲဆု၊ နေရာအလိုက် အကောင်းဆုံး အားကစားသမားဆုများ၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံး အားကစားသမားဆုတို့ကို ပေးအပ်ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အနိုင်ရဗိုလ်စွဲသွားသော သမိုင်းအသင်းအား တံခွန်စိုက် ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)